စွယ်စုံမြို့တော်သို့ လာရောက်လည်ပတ်သောသူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။

Friday, March 10, 2017

ရာဇဓာတုကလျာဆိုတာ


ဓာတုကလျာ လို့ဆိုလိုက်ရင် နတ်ရှင်နောင်ရဲ့ ကြင်ဘက်ဆိုတာ အားလုံးသိကြမှာပါ။ ဓာတုကလျာဟာ တခြားသူမဟုတ်ပါဘူး။ ဒုတိယမြန်မာနိုင်ငံတည်တောင် သူ ဟံသာဝတီဆင်ဖြူများရှင် ဘုရင့်နောင်ရဲ့ သမီးတော် ဖြစ်ပါတယ်။ တပင်ရွှေထီးလုပ်ကြံခံရပြီး ကျဆုံးသွားပြီးတဲ့နောက်မှာ ဘုရင့်နောင်ဟာ ဟံသာဝတီကိုပြည်လည်ထူထောင်နိုင်ဖို့ တစ်နှစ်ခန့်ကြိုးပမ်းခဲ့ရပါတယ်။ ဟံသာဝတီကို အောင်မြင်အောင်ထူထောင်ပြီးတဲ့နောက် ဘုရင့်နောင်ဟာ မဟာစေတီ ဘွဲ့အမည်နဲ့စေတီတော်ကြီးတစ်ဆူကို တည်ပါတယ်။ တိုက်ဆိုင်စွာပဲ အဲဒီစေတီတည်ဖို့ ဓာတ်တော်တွေပင့်ဆောင်တဲ့နေ့မှာ ပဲ မိဖုရားရာဇဒေ၀ီရှင် က သမီးတော်လေး တစ်ပါးကိုမွေးပါတယ်။ ဓာတုစေတီတည်ဖို့အတွက် ဓာတ်တော်မွေတော်တွေ ပို့ဆောင်တဲ့နေ့မှာမွေးတဲ့အတွက် ဘုရင့်နောင်ဟာ သမီးတော်လေးကို ရာဇဓာတုကလျာ လို့ အမည်ပေးလိုက်ပါတယ်။
ဘုရင့်နောင်လက်ထက်မှာ ရာဇဓာတုကလျာဟာ အလွန်လှပပြီး တစ်ပင်တိုင်စံမြန်းနေခဲ့ပါတယ်။ ၁၅၈၁ခုနှစ်မှာ ဘုရင့်နောင် နတ်ရွာစံခဲ့ပြီး သားတော် နန္ဒဘုရင် ထီးနန်းဆက်ခံပါတယ်။ နန္ဒဘုရင်ဟာ သူဘုရင်ဖြစ်ပြီးတဲ့နောက်မှာ သားတော်မင်းကြီးစွာကို အင်းဝသတိုင်းမင်းစောရဲ့ သမီးတော် နတ်ရှင်မယ်တော်နဲ့ စုံမက်စေပြီး အိမ်ရှေ့ဥပရာဇာ နေရာကို ပေးပါတယ်။ ဘုရင့်နောင် နတ်ရွာစံတော့ ဓာတုကလျာဟာ အသက် ၂၂နှစ် အပျိုစင်ဘ၀နဲ့ပဲ ရှိနေပါသေးတယ်။ အိမ်ရှေ့မင်း မင်းကြီးစွာက နတ်ရှင်မယ်တော်နဲ့ လက်ထပ်ထားပေမယ့် သူတကယ်ချစ်တာက ဓာတုကလျာပါ။ နတ်ရှင်မယ်တော်ကို လစ်လျူထားသလိုဖြစ်ပြီး တစ်နေ့သူတို့နှစ်ယောက် ရန်ဖြစ်ကြပါတယ်။ မင်းကြီးစွာတွန်းလိုက်တဲ့အတွက် နတ်ရှင်မယ်တော်လဲကျသွားပြီး သလွန်စွန်းနဲ့တိုက်မိကာ နဖူးကွဲသွားပါတယ်။ နတ်ရှင်မယ်တော်ဟာလည်း မဟာဆီမဟာသွေးဖြစ်တဲ့အတွက် မာနကြီးပါတယ်။ ထွက်လာတဲ့သွေးကို ၀တ်လဲတော်နဲ့သုတ်ပြီး ဘူးတစ်ခုထဲကို ထည့်ပြီး အင်းဝကဖခင်ဖြစ်သူထံပို့လိုက်ပါတယ်။ ရာဇဓာတုကလျာကိုသာ ချစ်ကြိုက်နေပြီး သူမကိုတော့ လစ်လျူထားတယ်ဆိုတဲ့အကြောင်း ရေးထားတဲ့ စာပါ ထည့်ပေးလိုက်ပါတယ်။ ဒီပြဿနာဟာ အင်းဝနဲ့ ဟံသာဝတီစစ်ဖြစ်တဲ့အထိ ကြီးထွားသွားခဲ့ပါတယ်။ အင်းဝစစ်ရှုံးပြီး သတိုးမင်းစောလည်း လမ်းမှာတင်ကျသွားပါတယ်။ ဒီလိုစစ်မက်ဖြစ်ပွားတာဟာ ရာဇဓာတုကလျာကြောင့်လို့ ဆိုကြပေမယ့် ဓာတုကလျာက ဒီအဖြစ်ကို သိပုံတောင်မရပါဘူး။
နန္ဒဘုရင် ယိုးဒယားကိုသွားတိုက်တော့ မင်းကြီးစွာကို မြို့စောင့်အဖြစ်ထားခဲ့ပါတယ်။ ဒီအချိန်အတွင်းမှာပဲ အခွင့်ကိုစောင့်နေတဲ့ အကြံသမားမင်းကြီးစွာဟာ ဓာတုကလျာကို သိမ်းပိုက်လိုက်ပါတယ်။ ဓာတုကလျာဟာလည်း အိမ်ရှေ့မင်းမိဖုရားဖြစ်လာခဲ့ပါတယ်။ ၆နှစ်အကြာမှာ မင်းကြီးစွာဦးဆောင်ပြီး ယိုးဒယားကို သွားတိုက်ပြန်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ အိမ်ရှေ့မင်းဟာ တိုက်ပွဲမှာတင်ကျဆုံးခဲ့ပါတယ်။ ဟံသာဝတီဟာ လည်း စစ်ပွဲများပြားမှု ၊ အစာရေစာငတ်မွတ်ခေါင်းပါးမှု နဲ့ နန္ဒဘုရင့်ရဲ့ စနစ်တကျမကွပ်ကဲနိုင်မှုတွေကြောင့် ဆူပူသောင်းကျန်းမှု ပုန်ကန်မှုတွေများလာပါတယ်။ ဒါကြောင့် တောင်ငူဘုရင် မင်းရဲသီဟသူ နဲ့ သားနတ်ရှင်နောင်တို့က ရခိုင်မင်းရာဇာကြီးနဲ့ လာရောက်တိုက်ခိုက်တဲ့အခါ နန္ဒဘုရင်ဟာ ထီးနန်းကိုစွန့်လိုက်ရပါတယ်။ တောင်ငူဘုရင်က နန္ဒဘုရင်ရဲ့ အသက်ကိုချမ်းသာပေးပေမယ့် နတ်ရှင်နောင်က တိတ်တဆိတ်လုပ်ကြံသတ်ဖြတ်ပစ်လိုက်ပါတယ်။
ဒီအချိန်မှာ ဓာတုကလျာဟာ အသက် ၄၃နှစ် ရှိပြီဖြစ်တဲ့ မုဆိုးမဖြစ်နေပါပြီ။ တောင်ငူအိမ်ရှေ့မင်း နတ်ရှင်နောင်ဟာ မင်းကြီးစွာ မသိမ်းပိုက်ခင်ကတည်းက ဓာတုကလျာကို စွဲလန်းနေခဲ့သူပါ။ အခုလို အသက်ကြီးရင့်သွားပြီး မုဆိုးမဖြစ်သွားသည့်တိုင် နတ်ရှင်နောင်က မပြောင်းမလဲချစ်မြတ်နိုးတာကြောင့် ဓာတုကလျာနဲ့ လက်ဆက်လိုက်ပါတယ်။ နတ်ရှင်နောင်ရဲ့အသက်ဟာ ၃၀နှစ် သာရှိသေးတာမို့ သူတို့နှစ်ယောက်ရဲ့ အသက်ဟာ ၁၃နှစ် တောင်ကွာပါတယ်။ နတ်ရှင်နောင်ဟာ ဓာတုကလျာကို ချစ်မြတ်နိုးလွန်းတာကြောင့် သူ၏ စာများ ၊ ရတုများတွင် ဓာတုကလျာ၏ အမည်ကိုထည့်သွင်းစပ်ဆိုလေ့ရှိသည်။ တစ်ယောက်ကိုတစ်ယောက် အလွန်ချစ်မြတ်နိုးလှပြီး အနုပညာကိုဝါသနာပါလှသော သူတို့နှစ်ယောက်မှာ ကြာကြာပေါင်းဖက်ခွင့် မရခဲ့ပါချေ။ နတ်ရှင်နောင်နှင့် လက်ဆက်ပြီး ၇လ အကြာမှာ ဓာတုကလျာ ကွယ်လွန်ခဲ့တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။
Ref;
ရာဇ၀င်ထဲက မိန်းမသားများ - ဒေါက်တာမတင်ဝင်း
မြန်မာ့စွယ်စုံကျမ်း

0 comments:

Post a Comment

ဤBlogကသင့်အတွက်အကျိုးရှိစေပါသလား
ရှိပါတယ်
မရှိပါ