စွယ်စုံမြို့တော်သို့ လာရောက်လည်ပတ်သောသူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။

Monday, February 6, 2017

ဆေးရုံပေါ်က မျက်ဝန်းတစ်စုံ



'ငါ့သားလေး သတိရလာပြီလား''


''တိုးမောင် မင်း သတိရလာပြီနော်''


ပိတ်ထားတဲ့ မျက်စိနှစ်ကွင်းကို အားယူကာ ဖွင့်ကြည့် မိလိုက်တော့ မျက်စိထဲ အဦးဆုံးမြင်တွေ့လိုက်ရတာက မိခင်ဖြစ်သူနှင့်အတူ အစ်ကိုအကြီးဆုံး၊ မန္တလေးမြို့ပေါ်မှာ သီတင်းသုံးနေထိုင်တဲ့ နောင်တော်ဦးပဉ္စင်း၊ သူတို့ အားလုံးရဲ့ မျက်နှာတွေပေါ်မှာတော့ အပြုံးရိပ်တွေ ကိုယ်စီ သန်းလို့..။
ဘယ်ကိုရောက်နေတာလဲ၊ ဘာတွေဖြစ်နေတာလဲ ဆိုတာကို သူပြန်ပြီးစဉ်းစားလို့မရ။


''သတိရလာပြီလား'' ဆိုတဲ့ စကားကို ထောက်ဆရင် သူတစ်ခုခုဖြစ်နေတာလား၊ အနီးနားပတ်ဝန်းကျင်က အရာ တွေကို အိပ်ရာထက်ကနေ မြင်နိုင်သမျှကြည့်မိတော့ ခေါင်မိုးမျက်နှာကြက်မှာ တဝီဝီလည်နေတဲ့ လေပန်ကာ တွေ၊ လင်းနေတဲ့ လျှပ်စစ်မီးချောင်းတွေကို တွေ့ရသည်။ နောက်ပြီး သူ့ဘေးနားက သံတိုင်တစ်ခုမှာလည်း ဆလိုင်း ပုလင်းတစ်လုံးကို ချိတ်ဆွဲထားပြန်သေးသည်။


ဖိနပ်ကို ရှပ်တိုက်ပြီး စီးတဲ့အသံတွေ၊ စကားပြောဆို သံတွေ၊ ကားဟွန်းတီးသံ၊ ဆိုင်ကယ်လီဗာဆွဲသံတွေက လည်း သူ့နားထဲမှာ အဆက်မပြတ်ကြားနေခဲ့ရပြီး စူးရှ ပြင်းထန်တဲ့ ဆေးရနံ့တွေကိုလည်း နှာခေါင်းထဲမှာ ရှူရှိုက် မိသလို ဖြစ်နေသည်။


ဒါဟာ နေ့လား ညလား၊ သူ့အိမ်လား၊ အမေ့အိမ် ရောက်နေတာလား ဆိုတာကို ဝေခွဲစွာမရနိုင်သေး။ ရှူရှိုက်မိတဲ့ ဆေးနံ့တွေကိုထောက်ဆရင် သေချာပါပြီ။ အခု သူရောက်နေတဲ့နေရာဟာ အမေ့အိမ်လည်း မဖြစ် နိုင်သလို သူ့အိမ်လည်း မဟုတ်နိုင်ဘူးဆိုတာကို။ ဒါဆို သူဘယ်ရောက်နေတာလဲ။ ဘာကိုမှ ရေရေရာရာ စဉ်းစား လို့မရ။ အရင်က သူဘာဖြစ်ခဲ့သလဲ၊ အခု သူဘာဖြစ်နေ သလဲ၊ ဘာဆိုဘာမှ စဉ်းစားလို့မရနိုင်သေး။


''မင်းအခု မန္တလေးဆေးရုံကြီးကို ရောက်နေတာ လေ''


အစ်ကိုဖြစ်သူရဲ့စကားကို ကြားလိုက်ရပြန်တော့ ပါးစပ်အဟောင်းသားနဲ့ သူအံ့အားသင့်မိသွားပြန်သည်။


သူဆေးရုံပေါ် ရောက်နေတယ်ဆိုပါလား၊ ဘာ အတွက်နဲ့များ ဆေးရုံပေါ်ကို ရောက်နေရတာလဲ။


''ငါ့သား မှတ်မိပြီလား၊ လွန်ခဲ့တဲ့ သုံးရက်က ငါ့သား ထန်းပင်ပေါ်တက်ရင်း မတော်တဆ ထန်းပင်ပေါ်က ပြုတ်ကျတာ သတိမေ့သွားလို့ ချက်ချင်းပဲ ဆေးရုံခေါ် လာရတာ၊ အခုမှ ငါ့သား သတိပြန်ရတာလေ။ မင်းမိန်းမ နဲ့ ကလေးတွေကတော့ လိုက်မလာကြတော့ဘူး။ အမေနဲ့ မင်းအစ်ကိုကြီးပဲ လိုက်လာခဲ့တာ။ ဒီမှာလည်း ဦးပဉ္စင်း ရှိနေတာဆိုတော့ မလိုအပ်လို့မခေါ်ခဲ့တာ၊ စိတ်မပူနဲ့တော့ သိလား၊ ငါ့သားမှာ ဘာဒဏ်ရာမှ ကြီးကြီးမားမားမရဘူး''


အမေပြောနေတာတွေက တကယ်ပဲလား၊ အမှန် တကယ်ပဲ ထန်းပင်ပေါ်က ပြုတ်ကျခဲ့တာလား၊ ခေါင်းထဲမှာ ဘယ်လိုမှ စဉ်းစားလို့မရနိုင်သေး။ ဆေးရုံပေါ် ရောက် နေတယ်ဆိုတာကတော့ သေချာပါသည်။ ဘာကြောင့်လဲ ဆိုတော့ ဆရာဝန်လေးတစ်ယောက်နဲ့ နောက်ပါ မိန်း ကလေးနှစ်ယောက်၊ သုံးယောက်လောက် သူတို့ ခုတင် နားကို ရောက်လာသည့်အတွက်ကြောင့်ပဲ ဖြစ်သည်။


ဆရာဝန်ရောက်လာတဲ့အတွက် အမေနဲ့ အစ်ကိုတို့ က နောက်ကိုဆုတ်ပေးလိုက်ပြီး ''ဘယ်လိုနေသေးလဲ၊ သက်သာရဲ့လား''ဆိုတဲ့ ဆရာဝန်ရဲ့အမေးကို ခေါင်းညိတ် ကာ သူအဖြေပေးလိုက်သည်။ အဲဒီနောက် သူ့ကို နားကျပ် နဲ့ ရင်ဘတ်ပေါ် တစ်ချက်ထောက်စမ်းကြည့်လိုက်ပြီး အမေ့ဘက်ကိုလှည့်ကာ ဆီးတွေဝမ်းတွေ ဘယ်နှကြိမ် သွားသလဲ ဆိုတာကို မေးသည်။


ဆရာဝန်လေးနှင့်အတူပါလာကြတဲ့ အဖြူရောင် ဝတ်စုံလေးတွေ တူညီစွာဝတ်ဆင်ထားကြတဲ့ မိန်းကလေး ငယ်တွေက နားမလည်နိုင်တဲ့ စကားလုံးတွေနဲ့ အချင်းချင်း တွတ်ထိုးနေကြသည်။ အချို့ကလည်း သူ့ခြေရင်းမှာချထား တဲ့ လူနာမှတ်တမ်းစာအုပ်ကို ခေါင်းချင်းဆိုင်ကာ ဖတ်ရှု နေကြသည်။ ဆရာဝန်လေးက

''သက်သာသွားပါပြီ၊ အကောင်းပကတိအတိုင်းပဲ နောက်နှစ်ရက်လောက်နေပြီး ရင် ဆင်းရုံပဲရှိတော့တာ'' ဟုဆိုကာ အခြားခုတင်ဘက် ကို ပြောင်းသွားကြသည်။


အမေနဲ့ အစ်ကိုဖြစ်သူရဲ့အကူအညီကိုရယူကာ လှဲနေရာကနေ ကျောရဲ့အောက်ကို ခေါင်းအုံးတစ်လုံး ထိုးခံလိုက်ပြီး ခပ်စောင်းစောင်းလေး မှီထိုင်နေလိုက်သည်။ ဒီအတိုင်းထိုင်လိုက်တော့ မျက်စိထဲမှာ မြင်ကွင်းပေါင်းစုံကို မြင်နေရတော့သည်။ အခုမှ သူရောက်ရှိနေတဲ့ နေရာ ဆိုတာကို သတိထားကြည့်မိသည်။ ဟောခန်းကြီးတစ်ခု အတွင်းမှာဖြစ်ပြီး သူ့လိုပဲ ဆေးရုံတက်ကုသနေကြတဲ့ လူနာပေါင်းစုံက ဘေးတစ်ဖက်တစ်ချက်ဆီမှာ အသီးသီး နေရာယူထားကြသည်။ လူနာစောင့်တွေ၊ သန့်ရှင်းရေး အလုပ်သမားတွေ၊ လူနာကိုတွန်းပို့တဲ့ ဝှီးချဲလ်လှည်းတွေ ဥဒဟိုဖြတ်သန်းသွားလာနေကြတာကို အတိုင်းသား မြင် နေရသည်။


''ဆရာ သမီးအဖေကို ထမင်းကျွေးလို့ရပြီလား၊ ဒါမှ မဟုတ် တစ်ခုခုပေါ့၊ အားရှိမယ့် အစားအစာလေး ဘာများ ကျွေးလို့ရနိုင်မလဲ၊ အဖေနဲ့သင့်တော်မယ့် အစာလေး ညွှန် ပါဦး''


သူတို့ခုတင်နဲ့ကပ်လျက်ဖြစ်တဲ့ တောင်ဘက်ခုတင် ဆီကနေ ထွက်ပေါ်လာတဲ့ အမျိုးသမီးလေးတစ်ဦးရဲ့ အသံ ဖြစ်သည်။ ထိုအသံကြောင့် တောင်ဘက်ခုတင်ဆီကို ခေါင်း ငဲ့စောင်းကြည့်လိုက်တော့ ဆရာဝန်အုပ်စုကကွယ်နေတဲ့ အတွက်ကြောင့် မမြင်ရ။ လူနာဖြစ်သူ အမျိုးသားတစ်ဦး ကိုတော့ ခုတင်ထက်မှာ ပက်လက်အနေအထားနဲ့ လဲလျောင်းနေတာကို တွေ့ရသည်။ နှာခေါင်းဝမှာလည်း ပိုက်တန်းလန်းတစ်ခုကို ချိတ်ဆွဲထားသည်။


''သူတို့က မြင်းခြံက လာတက်ကြတာလေ၊ အမေတို့ ထက် သုံးရက်လောက်စောပြီး ဒီကိုရောက်နေတာ၊ သားအဖနှစ်ယောက်တည်း လာတက်တာ၊ အစောက ပြောနေတဲ့ ကလေးမလေးက အဲဒီအဘိုးကြီးရဲ့သမီးလေ။ ကလေးမလေးက သိပ်သိတတ်လိုက်တာများ မပြောနဲ့။ သူ့အဖေအပေါ်မှာလည်း အတော်ဂရုစိုက်ရှာတယ်''။


ဘယ်ချိန်ကတည်းက တစ်ဖက်ခုတင်က လူနာစောင့် မိန်းကလေးနဲ့ ရင်းနှီးကျွမ်းဝင်ထားကြသည်ဆိုတာမသိ။ အမေက သူသိသလောက် အဆိုပါခုတင်က သားအဖ နှစ်ယောက်ရဲ့အကြောင်းကို ပြောပြနေသည်။ အထူးအား ဖြင့် အမေက မိန်းကလေးရဲ့ သူ့အဖေအပေါ်မှာ ဘယ် လောက်တောင် တော်တယ်ဆိုတဲ့အကြောင်းကို ချီးမွမ်း အမွှမ်းတင်ကာ ပြောဆိုနေခြင်းဖြစ်သည်။ သူကတော့ ဒီအချိန်မှာ စကားကောင်းကောင်းပြောချင်စိတ်မရှိသေး တာမို့ အမေ့စကားတွေကို ခေါင်းညိတ်ပြီးတော့သာ နား ထောင်နေရသည်။ နားထောင်နေရသော်လည်း သူ့မျက်စိ တွေက တောင်ဘက်ခုတင်ဆီက မိန်းကလေးဆီကို ရံဖန်ရံခါ အကြည့်ရောက်သွားခဲ့သည်။


ခဏအကြာမှာတော့ ဆရာဝန်တစ်သိုက် ပြန်လည် ထွက်ခွာသွားတော့မှ အမေ ချီးမွမ်းခန်းဖွင့်နေတဲ့ မိန်း ကလေးငယ်ကို မြင်ခွင့်ရခဲ့သည်။
မိန်းကလေးရဲ့အသက် ရှိလှကာမှ နှစ်ဆယ်ကျော် အစိတ်ဝန်းကျင်လောက်ပဲ ရှိပေမည်။ ဝတ်စားဆင်ယင်မှု အနေနဲ့ မြန်မာမိန်းကလေးတစ်ယောက်ပီသစွာ ရိုးရိုး ယဉ်ယဉ် ဝတ်ဆင်ထားပြီး သူ့ရဲ့ဆံနွယ်တွေကိုလည်း ဘီးတစ်ချောင်းနဲ့ တင်းကျပ်စွာစုစည်းချည်နှောင်ထား သည်ကို တွေ့ရသည်။ မျက်နှာပေါ်မှာတော့ သနပ်ခါး မိတ်ကပ် တစ်စုံတစ်ရာ လိမ်းခြယ်ထားခြင်းမျိုးမတွေ့ရဘဲ ပကတိအတိုင်း မျက်နှာတစ်ခုလုံးက ချောမွတ်ဝင်းပ နေသည်။


ဒါပေမယ့်လည်း ဖခင်ဖြစ်သူရဲ့အပူသောကကြောင့် အနည်းငယ်တော့ ညှိုးငယ်နေတဲ့ပုံပန်းသဏ္ဌာန်ပေါက် နေရှာသည်။ အသားအရေက တောင်ယာလုပ်ငန်းကို ပင်ပင်ပန်းပန်းလုပ်ထားရလို့ထင် အညိုဘက်ကို သန်းနေ ပြီး စကားပြောလိုက်သည့်အခါတိုင်း အပြုံးလေးတွေနဲ့ ပြောတတ်ဆိုတတ်တာကိုလည်း သတိထားမိသည်။ ဘာ လိုလိုနဲ့ ဒီမိန်းကလေးအပေါ်မှာ တစ်ခဏအတွင်း သူ ကရုဏာသက်မိသွားခဲ့သည်။


ဆေးရုံပေါ်မှာ တစ်ပတ်လောက်ကြာသည်ထိအောင် နေလိုက်ရသည်။ ငါးရက်မြောက်နေ့မှာတော့ ထူထူ ထောင်ထောင် ရှိနေခဲ့ပြီဖြစ်သည်။ အစားအသောက်ကို လည်း အတော်အတန်စားနိုင်နေခဲ့ပြီဖြစ်သည်။ ဆရာဝန် က ဆင်းခွင့်မပြုသေးသည့်အတွက် တစ်ပတ်ပြည့်အောင် နေလိုက်ရခြင်း ဖြစ်သည်။


သူသက်သာလာပြီဖြစ်တာမို့ အစ်ကိုဖြစ်သူကလည်း ရွာကို ပြန်သွားခဲ့ပြီဖြစ်သည်။ ဆေးရုံပေါ်မှာတော့ အမေ ကိုယ်တိုင်ကပဲ သူ့ကို ပြုစုပေးသည်။ အစ်ကို ဦးပဉ္စင်း ဖြစ်သူကတော့ တစ်နေ့တစ်ခေါက်ဆိုသလို လာရောက် ကြည့်ရှုရင်း စားစရာသောက်စရာလေးတွေကို လာရောက် ကာ ပို့ပေးသည်။
ဆေးရုံကမဆင်းမီ တစ်ရက်လောက်အလိုမှာပဲ တစ် ဖက်မှာရှိတဲ့ မြင်းခြံက သားအဖနှစ်ယောက်နဲ့လည်း ပိုမို ကာရင်းနှီးခွင့်ရခဲ့ပြီဖြစ်သည်။ အထူးသဖြင့် အမေနှင့် တစ်ဖက်က လူနာစောင့်မိန်းကလေးတို့ အချိန်ပြည့် စကား တွေ ဖောင်ဖွဲ့ပြောနေကြတာကို တွေ့မြင်နေရသည်။ သူက တော့ ဘာမှဝင်မပြောမိ။
အမေပြန်ပြောပြမှုအတွက်ကြောင့် အဆိုပါ မိန်း ကလေးမှာ မိခင်မရှိတော့ဘဲ အဖေဖြစ်သူကသာလျှင် အမိ အဖဆိုတာကို သိလိုက်ရသလို မိန်းကလေးငယ်ရဲ့ ဖခင်အပေါ်မှာထားရှိတဲ့ ကျေးဇူးသိတတ်ပုံ၊ မေတ္တာတရား ကိုလည်း ပိုမိုကာ သိရှိခွင့်ရခဲ့ပြီဖြစ်သည်။


ဖခင်ကို ဂရုစိုက်မှုကတော့ သူမြင်နေရတဲ့အတိုင်း ဆို ဘာမှလိုလေသေးမရှိတာ အမှန်ပင်ဖြစ်သည်။ နားနေ တယ်ဆိုတာ မရှိအောင်ကို ဖခင်အပေါ်မှာ ဝတ်ကြီး ဝတ်ငယ်တွေကို ပြုစုစောင့်ရှောက်ပေးနေရှာသည်။ အစား အသောက် ကျွေးတာကအစ အပေါ့အပါးသွားတာက အဆုံး သေသေချာချာနဲ့ လုပ်ကိုင်ပေးနေရှာသည်။


''သမီးတို့အမေက သမီး ကိုးတန်းကျောင်းသူဘဝ ကတည်းက ဆုံးပါးသွားတာလေ။ အမေမရှိတော့ တစ်အိမ် လုံးရဲ့ စားဝတ်နေရေးကို အဖေကိုယ်တိုင်ပဲ အဓိကရှာကျွေး နေတာ။ သမီးတို့မောင်နှမတွေအတွက်တော့ အဖေက အဖေဆိုလည်းဟုတ်သလို အမေလို့ပြောရင်လည်း ရနိုင်ပါ တယ်။ သမီးတို့ မောင်နှမတွေကို လိမ္မာရေးခြားရှိလာ အောင် အဖေကပဲ အမေတစ်ယောက်လို ဆုံးမခဲ့တာ၊ အဲဒါကြောင့် သမီးတို့ မောင်နှမတွေက အဖေ စိတ်ဆင်း ရဲအောင် ဘယ်တော့မှမလုပ်ဘူး။ အဖေ့ကို အတတ်နိုင်ဆုံး စိတ်ချမ်းသာအောင်ထားတာ''


ပြောလိုက်သည့်စကားတွေကလည်း အရွယ်နှင့် မလိုက်အောင်ဖြစ်သည်။ သူ့အောက် အသက်ထက်ဝက် လောက် ငယ်သေးတဲ့အရွယ်ပဲဖြစ်သည်။ မိဘအပေါ် သိတတ်လိုက်တာကလည်း လွန်ပါရောလား။


ဒီမိန်းကလေးငယ်ရဲ့စကားတွေကို ကြားလိုက်ရကာ မှ ကိုယ့်ကိုယ်ကိုယ် အရှက်ရသလိုဖြစ်မိသည်။ သူတို့ ညီအစ်ကိုတစ်တွေမှာလည်း အဖေဆိုတာမရှိတော့ဘဲ အမေ သာလျှင် ရှိတော့သည်။ ဒါပေမယ့် သူအပါအဝင် သားသမီး တွေအားလုံးက ကိုယ့်အိုးကိုယ့်အိမ်နဲ့ နေထိုင်ကြပြီး မိခင် ဖြစ်သူကို စောင့်ရှောက်ရကောင်းမှန်းမသိခဲ့ကြ။ ကိုယ်ထိ လက်ရောက် ပြုစုစောင်မဖို့ဆိုတာထက် ဟင်းကောင်းလေး တစ်ခွက် ချက်လို့တောင်မှ အမေ့အိမ်ကို ပို့ရကောင်းမှန်း မသိခဲ့ကြ။ အမေ့ရဲ့ ဝတ်ကြီးဝယ်ငယ်ကို ဆောင်ရွက်ပေးဖို့ ဆိုတာက ဝေလာဝေးပေါ့။


သားသမီးတွေက မိခင်ဖြစ်သူကို စောင့်ရှောက်ရမည့်အစား အခုတော့ အမေက သူ့ကို ပြန်လည်ကာ စောင့်ရှောက်နေရရှာပေသည်။


တစ်ပတ်တိတိပြည့်သည့်နေ့မှာပဲ ဆေးရုံပေါ်က ဆင်းခွင့်ရရှိခဲ့သည်။ ဆေးရုံပေါ်ကနေ သူတို့သားအမိ ဆင်းခွင့်ရခဲ့ပေမယ့် တောင်ဘက်ခုတင်က လူနာရှင် အမျိုးသားနဲ့ သမီးဖြစ်သူ မိန်းကလေးငယ်တို့ကတော့ ဆေးရုံက ဆင်းခွင့်မရရှိခဲ့ကြသေး။ ဆေးရုံပေါ်မှာ ဘယ်လောက်ကြာကြာနေရမည်ဆိုတာကိုလည်း မခန့်မှန်း တတ်။ သူကိုယ်တိုင်က ဆေးရုံပေါ်ကဆင်းခွင့်ရခဲ့လို့ မွန်း ကျပ်မှုတွေ၊ နာကျင်မှုတွေ ပပျောက်သွားပေမယ့် ထိုသား အဖအတွက်တော့ စိတ်မကောင်းဖြစ်မိသည်။ အထူး အားဖြင့် အသားညိုညိုနဲ့ မျက်ဝန်းတစ်စုံပိုင်ရှင် သမီး ဖြစ်သူ မိန်းကလေးငယ်အတွက် ပို၍စိတ်မကောင်း ဖြစ်မိသည်။


အရွယ်နှင့်မလိုက်အောင် ဖခင်အပေါ်မှာ သိတတ် လွန်းတဲ့ မိန်းကလေးငယ်တစ်ယောက်ကို ဆေးရုံပေါ်က ဆင်းလာတဲ့နေ့မှာ သူနှုတ်မဆက်ဖြစ်နိုင်ခဲ့။ နှုတ်ဆက်ဖို့ မဆိုထားနဲ့ ဆေးရုံပေါ်မှာ ရှိနေစဉ်ကာလအတွင်း အဲဒီ မိန်းကလေးငယ်နဲ့ တစ်ခွန်းတစ်ပါဒလောက်တောင် စကား ပြောဆိုရခြင်း အလျင်းမရှိခဲ့ရ။ ပြောဖို့လည်း အခွင့်အရေး မရခဲ့။


သို့ပေမယ့် နှုတ်မဆက်ခဲ့ရ၊ စကားပြောဆိုခွင့်မရရှိ ခဲ့ပေမယ့် ဆေးရုံပေါ်မှာမြင်တွေ့ခွင့်ရခဲ့တဲ့ ထိုမိန်းကလေး ငယ်ရဲ့ မျက်ဝန်းတစ်စုံကတော့ သူ့ရင်ထဲမှာ အမြဲထာဝရ ကိန်းအောင်းနေဦးမယ်ဆိုတာကိုတော့ သူကလွဲပြီး ဘယ်သူသိနိုင်ပါဦးမလဲ။

0 comments:

Post a Comment

ဤBlogကသင့်အတွက်အကျိုးရှိစေပါသလား
ရှိပါတယ်
မရှိပါ