စွယ်စုံမြို့တော်သို့ လာရောက်လည်ပတ်သောသူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။

Thursday, January 19, 2017

အောင်စည်းခုံသံဃရာဇာ

ယနေ့ခေတ်တွင် လက်ဝှေ့၊ နပန်း နှင့် Smack Down ခေါ်အသတ်အပုတ် အားကစားနည်းများမှာ နာမည်ကြီးလှ၏။ အမှန်အားဖြင့် အဆိုပါ အသတ်အပုတ်ပွဲများသည် ပင်းယခေတ်တည်းက ခေတ်စားခဲ့သည်။ ထိုအသတ်အပုတ်ပညာကို အထူးကျွမ်းကျင်သူများမှာ ပွဲကျောင်းဘုန်းကြီးများ ဖြစ်ကြသည်။ ပွဲကျောင်းဟူသော အဓိပ္ပါယ်ကား ပွဲဟူသည် စည်ကားသော ၊ ကျောင်း ဟူသည် အတတ်ပညာများကိုသင်ကြားသော နေရာ ဖြစ်သည်။ အတတ်ဟု ဆိုရာ၌လည်း အသတ်အပုတ် ပညာရပ်မှစ၍ အင်း၊ယတြာ ၊ ဆေးပညာ ၊ နက္ခတ်အတတ် စသည်ဖြင့် ပညာရပ်များစွာပါဝင်သည်။
အင်းဝခေတ် ပထမမင်းခေါင်ကြီးလက်ထက် တွင် ပွဲကျောင်းအနွယ်ဝင် လက်ဝှေ့ နပန်းပညာရှင်များစွာ ပေါ်ထွက်ခဲ့သည်။ ထိုသူတို့အနက် နာမည်အကြီးဆုံးမှာ အောင်စည်းခုံသံဃရာဇာ ဖြစ်သည်။ ပြိုင်ပွဲတိုင်းတွင် အနိုင်ရ၍ နှစ်စဉ်နှစ်တိုင်း မြင်း (၁၅) စီး ၊ အစီး (၂၀) ဆုရတတ်သည်။ သက်တော် (၆၉) နှစ် အရွယ်အထိ အောင်စည်းခုံသံဃရာဇာသည် အကောင်းဆုံးပညာစွမ်းပြနိုင်ခဲ့သေးသည်။
အသက်ကြီးပြီဖြစ်၍ အနားယူနေချိန်မှာပင် ကုန်းဘောင်စော်ဘွားသည် လက်ဝှေ့သမားကောင်း လူသန်လူမြန်ကြီးတစ်ယောက်ကို အင်းဝသို့ခေါ်လာခဲ့သည်။ အင်းဝတွင် ထိုလူသန်ကြီးနှင့် ယှဉ်ပြိုင်နိုင်မည့်သူ တစ်ယောက်မျှ မရှိသဖြင့် နောက်ဆုံး အနားယူနေပြီဖြစ်သည့် အောင်စည်းခုံသံဃရာဇာက စိန်ခေါ်မှုကိုလက်ခံလိုက်သည်။ အောင်စည်းခုံသံဃရာဇာက “ငါသည် အထက်မင်းများလက်ထက်က လူပျိုလူရွယ် ရှိသေးသဖြင့် နာမည်ကြီးရုံ သက်သက် အနိုင်ရရုံသာတိုက်ခဲ့သည်။ ယခုအသက်ကြီးလှပြီ ဖြစ်၍ ပြိုင်ဘက်ကို အသေသတ်တော့မည်” ဟုဆိုရာ ကုန်းဘောင်စော်ဘွားက “မသေပါစေနှင့် တန်ရုံသတ်ပါ” ဟု တောင်းပန်သဖြင့် စည်းကမ်းချက်ကို လျှော့လိုက်ရသည်။
ကုန်းဘောင်စိန်ခေါ်သူ နှင့် အောင်စည်းခုံသံဃရာဇာတို့၏ ပွဲကို စကားကျောင်းတော်မော်ကျွန်းတိုင်ရှိရာ မုခ်တံခါးအရှေ့ ငါးတာအကွာ ကုန်းမြင့်ပေါ်တွင် ပြုလုပ်သည်။ အင်းဝမင်းခေါ်ကြီး နှင့် ကုန်းဘောင်စော်ဘွား တို့အပြင် လူများစွာ လာရောက်အားပေးကြည့်ရှု့ကြသည်။ ပြိုင်ပွဲစသည်နှင့် အောင်စည်းခုံ သံဃရာဇာ နှင့် ပြိုင်ဘက်လက်ဝှေ့သမားတို့မှာ ကိုယ်ရည်ကိုယ်သွေးလင်္ကာများ ရွတ်ဆိုပြီး လက်ဝှေ့ရေးပြကြ၏ ။
ယှဉ်ပြိုင်တိုက်ခိုက်ကြရာ တစ်ကြိမ်တွင် အောင်စည်းခုံသံဃရာဇာက ခြေဖြင့်ခတ်မည်ဟန်ပြပြီး လက်ယာလက်ဖြင့် စိန်ခေါ်သူ မျက်နှာကို လှမ်းထိုးလိုက်သည်။ “ဟာ” ဟူ၍ လူအများအော်ဟစ်သံများ ဆူညံစွာထွက်ပေါ်သွားသည်။ အံသြသွားသည့်အကြောင်းမှာ သံဃရာဇာ ၏ လက်သီးပြင်းအားကြောင့် တစ်ဖက်ပြိုင်ဘက်၏ မျက်နှာ လည်ထွက်သွားပြီး နောက်ဘက်သို့လှည့်သွားတာကြောင့်ပင်။ ထိုအခါ ကုန်းဘောင်စော်ဘွားက ထိုင်ရာမှထပြီး ” သေသော်မှ အမြင်ကောင်းသေး၏ ။ ယခုမှာကား အမြင်မကောင်းပါတကား” ဟု ဆို၏။ ထိုအခါမှ အောင်စည်းခုံသံဃရာဇာက လက်ယာလက်ဖြင့် ထိုးလိုက်၍ နောက်သို့လည်ထွက်သွားသောမျက်နှာကို လက်ဝဲလက်ဖြင့် ထိုးချလိုက်ရာ စိန်ခေါ်သူ၏ မျက်နှာကြီး ရှေ့သို့ပြန်ရောက်လာကာ လူအများ၏ ဟစ်အော်ချီးမွမ်းခြင်းကို ခံရသည်။
ဘုရင်မင်းခေါင်ကြီး နှင့် ကုန်းဘောင်စော်ဘွား တို့က “အံဖွယ်ရှိလှပေသည်” ဟု ချီးကျူးကြကာ ဆုတော်လာဘ်တော်များ ချီးမြှင့်ကြသည်။ ပြိုင်ဘက်မျက်နှာကို လည်ထွက်သွားအောင် လက်သီးစွမ်းပြခဲ့သူ အင်းဝ အောင်စည်းခုံသံဃရာဇာ သည် ထိုပြိုင်ပွဲမှ မြင်းနှစ်စီး၊ ဖျင်လိပ် သုံးလိပ် နှင့် ငွေတပိဿာတို့ကို ရခဲ့သည်။
Ref မကွဲမပြား လွဲမှားနိုင်သော မြန်မာ့သမိုင်းထဲက အထင်ကရ ဇာတ်ကောင်များ – မောင်ကြည်သန့်
မြန်မာ့စွယ်စုံကျမ်း
Creadit-ayesay

0 comments:

Post a Comment

ဤBlogကသင့်အတွက်အကျိုးရှိစေပါသလား
ရှိပါတယ်
မရှိပါ