စွယ်စုံမြို့တော်သို့ လာရောက်လည်ပတ်သောသူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။

Friday, February 24, 2017

မြန်မာနိုင်ငံနှင့်ဗုဒ္ဓသာသနာ


သာသနာ ဆိုတာ ပါဠိ စကားဖြစ်ပြီး ဗုဒ္ဓရဲ့ အဆုံးမတရားတော်ကို ဆိုလိုသလို ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်စံတော်မူတဲ့ ဘီစီ ၅၄၄ ကနေ စရေတွက်တဲ့ သာသနာနှစ်ကို လည်း ရည်ညွှန်းတယ်။ ၁၈၆၁ ခုနှစ်မှာ ပညာသာမိ မထေရ်မြတ်ရေးတဲ့ ဗုဒ္ဓသာသနာ သမိုင်း (သာသန၀ံသ) ကနေ မြန်မာပြည်အတွင်း ဗုဒ္ဓသာသနာ ပြန့်ပွားလာပုံ ကို ခြေရာခံရတယ်။ အဲဒီသမိုင်းကျမ်းအရတော့ ဗုဒ္ဓသာသနာ ဟာ ရာမည ပြည်မှာ စတင်ရောက်ရှိတယ်။

သာသနာနှစ် ၂၃၅ မှာ သောဏနဲ့ ဥတ္တရ မထေရ်မြတ်နှစ်ပါးဟာ သထုံမြို့နယ်က ကေလာသ တောင်နားမှာရှိတဲ့ သုဝဏ္ဏဘူမိ လို့ထင်ရှားတဲ့ ရာမညပြည်ကိုသာသနာပြုခရီးရောက်ခဲ့တယ် လို့ဆိုပါတယ်သို့သော်လည်းဒါဟာအစဉ်လာသမိုင်းကျမ်းတွေရဲ့အဆိုဖြစ်ပြီးအသောကမင်းကြီးရဲ့ ကျောက်စာတွေမှာသာသ နာပြုခရီးစေလွှတ်ခဲ့တဲ့နေရာ တွေကို ဖော်ပြတဲ့အခါ ဒီ မထေရ်မြတ်နှစ်ပါးရဲ့သုဝဏ္ဏဘူမိသာသနာပြုခရီးကို မတွေ့ရဘူးအဲဒီအစဉ်လာသမိုင်းကျမ်းရဲ့အဆိုအရဗုဒ္ဓသာသနာဟာသထုံကိုဗဟိုပြုပြီးအထက်မြန်မာပြည်ကိုပြန့်နှံ့ရောက်ခဲ့တယ် လို့ဆိုတယ်။

အနိရုန္ဓ (အနော်ရထာ) ဘုရင်ဟာ ၁၀၅၇ မှာ သထုံကိုအောင်နိုင်တဲ့အခါ မြန်မာပြည် အထက်ပိုင်းကို သန့်စင်တဲ့ ဗုဒ္ဓ၀ါဒ သယ်ဆောင်ပေးခဲ့တယ် လို့လည်း ဆိုပါတယ်။ သို့သော်လည်း အဲဒီ သမိုင်း အဆိုကို သက်သေပြဖို့ ခေတ်ပြိုင်သမိုင်း အထောက် အထား မတွေ့ရဘူး။ ဒီ အကြောင်းကို သမိုင်းအစောင်စောင်က ရေးကြပေမဲ့ အဲဒီ သမိုင်းကျမ်းတွေဟာ ခိုင်မာမူ အင်မတန်နည်းတယ်။ ထိုင်းတွေကတော့ အနိရုန္ဓဘုရင်ဟာ ဗုဒ္ဓသာသနာ ကို သထုံက ရတာ မဟုတ်၊ နခွန် ပထွန်က ရတယ် လို့ ပြောကြတယ်။

အနိရုန္ဓဘုရင်ရဲ့ အမှတ်တံဆိပ်တော်တွေ တွေ့ရှိချက်အရ သူ့ရဲ့အင်ပါယာဟာဧရာဝတီမြစ်တောင်ဘက်သံတွဲကနေ၊ မြောက်ဘက် ရွှေလီမြစ်ဆုံထိ ကျယ်ပြန့်ပြီး သထုံဟာ အင်ပါယာ ပိုက်နက်ထဲမှာ ရှိခဲ့တယ်။ သို့သော်လည်း သထုံဟာ သန့်စင်တဲ့ ဗုဒ္ဓ၀ါဒရဲ့ ဗဟိုနေရာဖြစ်ပြီး အနိရုန္ဓဘုရင်ဟာ သထုံ ကိုအောင်နိုင်မှ ပုဂံကို သန့်စင်တဲ့ ဗုဒ္ဓ၀ါဒ ပြန့်ပွားစေခဲ့ တယ် ဆိုတဲ့ သမိုင်းအဆိုဟာ သံသယ ဖြစ်စရာ အများကြီးရှိတယ်။

အစောပိုင်း ဗမာလူမျိုးတွေဟာ အဲဒီ (၁၁) ရာစု မတိုင်ခင်ကတည်းက ဗုဒ္ဓ၀ါဒနဲ့ ပတ်သက်ပြီး ထိတွေ့ပြီးပြီ လို့ ယူဆစရာ များစွာ ရှိတယ်။ ပျူတွေဟာ ဗမာ လူမျိုးတွေရဲ့ ယဉ်ကျေးမှုနဲ့ ကိုးကွယ်ရာ ဘာသာကို နောက်ကျဆုံး အေဒီ ၁၁၁၂ - ၁၃ ထိ လွှမ်းမိုး ခဲ့မယ် လို့ ခန့်မှန်းရတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ထိလိုင်မင်း (၁၀၈၄-၁၁၁၃) ရဲ့ သားတော်ဖြစ်တဲ့ ရာဇာကုမာရ မင်းသား ဟာ နာမကျန်းဖြစ်နေတဲ့ ဖခင်အတွက်ရည်စူးပြီးလှူဒါန်းတဲ့ အလှူမှတ်တမ်းကျောက်စာကို လေးဘာသာနဲ့ ရေးထိုးတဲ့အခါ ပျူ ဘာသာစကား ပါဝင်နေတယ်။ ပျူတွေရဲ့ မြို့တော်ဟာ ယနေ့ ခေတ် ပြည်မြို့ရဲ့ အရှေ့ဘက် (၄) မိုင်ဝေးတဲ့ သရေခတ္တရာ ဖြစ်ပြီး အေဒီ ၆၃၈ က တည်ခဲ့မယ်လို့ ယူဆရတယ်။ ပြီးတော့ ကရင်တွေ ၀င်ရောက်လာတဲ့ အခါ (၈) ရာစု အလယ်ပိုင်းလောက် မှာ ပျူတွေဟာ ရွှေဘိုမြို့နားက ဟန်လင်ကြီးမြို့ကို ရွှေ့ပြောင်းတည်ထောင်ပြီး အေဒီ ၈၃၂ မှာ ပျူ နိုင်ငံ ပျက်စီးသွားခဲ့တယ်။

ပျူ မြို့ဟောင်းဖြစ်ခဲ့တဲ့ မှော်ဇာကုန်းကို တူးဖော်တဲ့ အခါ အလွန်စိတ်ဝင်စားစရာကောင်းတဲ့ သမိုင်းအထောက် အထားတွေ တွေ့ခဲ့ရတယ်။ အဲဒီ အထဲက အရေးကြီးဆုံး ရှာဖွေတွေ့ရှိမူ ဖြစ်တဲ့ ပါဠိလက်ရေးမူ ရွှေပြားအချပ် နှစ်ဆယ် ကို ၁၉၂၀ မှာ တွေ့ရှိခဲ့တယ်။ အဲဒီ ရွှေပြားတွေမှာ ပါဠိ ပိဋကတ်တော်၊ နေရာ (၈) နေရာက ကောက်နုတ်ရေးသားချက် တွေပါရှိတယ်။ ပထမ ကောက်နုတ်ရေးသားချက်က ‘‘နိဒါနပါဠိတော်၊ သို့မဟုတ် ပဋိစ္စသမုပ္ပါဒ ပါဠိတော်’’ ဖြစ်တယ်။ ဒုတိယကောက်နုတ်ချက် မှာ
‘‘၀ိပဿနာ ဉာဏ်စဉ် ခုနှစ်ပါး’’ရေတွက်ပြထား တယ်။ တတိယ ကတော့ ‘‘ဗောဓိပက္ခိယတရား သုံးဆယ့်ခုနှစ်ပါး ပါဠိတော်’’
ဖြစ်ပြီး စတုတ္ထက ဗုဒ္ဓမြတ်စွာရဲ့ ဝေသာရဇ္ဇ ဉာဏ်တော် (၄) ပါး ဖြစ်တယ်။

ငါးခုမြောက်မှာဗုဒ္ဓမြတ်စွာရဲ့ဉာဏ်တော်တစ်ဆယ့် လေးပါး ဖြစ်ပြီး ခြောက်ခုမြောက်ဟာ အမြတ်ဆုံးလေးပါးကို ဖော်ပြထားတဲ့ ဓမ္မပဒ ဂါထာတော်ဖြစ်တယ်။ ခုနှစ်ခုမြောက်ကတော့ ဗုဒ္ဓမြတ်စွာနဲ့ ရဟန်းတော်တွေ ရာဇဂြိုလ်မြို့ကို ဒေသစာရီကြွချီတော်မူကြောင်း ပါဠိတော်ဖြစ်ပြီး နောက်ဆုံး ရှစ်ခုမြောက် က မဟာပရိနိဗ္ဗာနသုတ်ကလာတဲ့ ဗုဒ္ဓမြတ်စွာရဲ့ ဂုဏ်တော်ကို ချီးကျူးပူဇော်တဲ့ ပါဠိတော်ဖြစ်ပါတယ်။ အဲဒီ ပါဠိတော် ရွှေပြားချပ် တွေနဲ့ အနီးအနား ပတ်ဝန်းကျင်မှာ ရှာဖွေတွေ့ရှိရတဲ့ သမိုင်းအထောက်အထားတွေအရ ပါဠိ သုံးနှုန်းတဲ့ ဗုဒ္ဓ၀ါဒဟာ ပျူနိုင်ငံ ကိုရောက်နေပြီး ပျူတွေရဲ့ ပါဠိတော်နဲ့ အကျွမ်းဝင်မူဟာ မနိမ့်ကျဘူးလို့ ကောက်ချက်ဆွဲနိုင်တယ်။ ပါဠိ ဗုဒ္ဓသာသနာ ဟာ သရေ ခေတ္တရာမှာ ထွန်းကားနေပြီး ပုဂံ က ဗမာ တွေဆီထိအောင် ပြန့်ပွားလိမ့်မယ် လို့ ယူဆနိုင်စရာရှိတယ်။

ပျူတွေဟာ သူတို့ မြို့တော် ပျက်စီးသွားတဲ့အခါ ဗမာ တွေနဲ့ ရောနှောနေထိုင်ခဲ့ပြီး သူတို့ထက် အားကောင်းတဲ့ ဗမာ လူမျိုးတွေ ရဲ့ လွှမ်းမိုးခြင်းကို ခံခဲ့ရတယ် လို့ သုံးသပ်ကြည့်နိုင်တယ်။ ဟန်လင်းကြီး မှာ ရေးထိုးခဲ့တဲ့ ပျူကျောက်စာ သုံးခု ပုဂံပြတိုက်မှာ ရှိတယ်။ တစ်ခုက ဟန်လင်းကြီးက ဖြစ်ပြီး ပုဂံမတိုင်ခင် ခေတ်က ရေးထိုးခဲ့တာဖြစ်တယ်။ နောက်တစ်ခုက ရာဇကုမာရ ကျောက်စာ (အေဒီ ၁၁၁၃) ဖြစ်တယ်။ နောက်ဆုံးကျောက်စာ တစ်ခုကတော့ စာမျက်နှာ နှစ်ဘက် ရေးထိုးစာ ပါပြီး တစ်ဘက် ဟာ တရုတ်ဘာသာဖြစ်နေတယ်။ အဲဒီ ကျောက်စာကိုတော့ ၁၂၈၇-၁၂၉၈ လောက်က ရေးထိုးခဲ့တာ လို့ ခန့်မှန်းရတယ်။ ပုဂံ ခေတ်တစ်လျှောက်လုံးမှာ ပျူ ကျောက်စာ ရေးထိုးမူ တွေ ဘာကြောင့်ရှားပါးနေရသလဲ ဆိုတာကို အောက်ပါအတိုင်း ရှင်းပြ နိုင်ပါလိမ့်မယ်။

ပျူ နဲ့ မွန် ယဉ်ကျေးမူ နှစ်ခု စလုံး ဗမာ တွေကို လွှမ်းမိုးခဲ့ပေမဲ့ မွန်ယဉ်ကျေးမှု က ဘာကြောင့် အားသာသွားရ သလဲ ဆိုတော့ ကျောက်ဆည်ဒေသမှာ အခြေချနေထိုင်တဲ့ မွန်လူမျိုးတွေရှိပြီး အဲလူမွန်တွေဟာ ဗမာ တွေနဲ့ ဒေသချင်း နီးစပ် နေလို့ဖြစ်တယ်။ (၁၂) ရာစုရဲ့ ဒုတိယ ဆယ်စုနှစ်ကို ရောက်တဲ့အခါ ဗမာ ယဉ်ကျေးမှု အပေါ်မွန်တွေရဲ့လွှမ်းမိုးမှု ကျဆင်းသွား ကြောင်းတွေ့ရတယ်။ အကူးအပြောင်းကာလဖြစ်တဲ့ (၁၁၁၃-၇၄) အတွင်းရေးထိုးခဲ့တဲ့ ကျောက်စာတွေမှာ မွန်၊ သက္ကတ၊ ပါဠိ၊ ဗမာ စာတွေနဲ့ ရေးထိုးတာကို တွေ့ကြရတယ်။ ဒါဟာ ဘာကြောင့်တုန်းဆိုတော့ အဲဒီ အချိန်က ဗမာတွေဟာ အရေးအသား အတတ်မှာ မြေစမ်းခရမ်းပျိုး အဆင့်ဘဲ ရှိနေလို့ဖြစ်တယ်။ သို့သော်လည်း နောက်ဆုံးကျတော့ ဗမာ စကားဟာ ပြိုင်ဘက် ဘာသာ စကားတွေအားလုံးကို လွှမ်းမိုးသွားခဲ့ပါတယ်။

မှော်ဇာကုန်းမှာ တွေ့ရှိခဲ့တဲ့ပါဠိတော် ရွှေပြားချက်တွေကနေ ကောက်ချက်ဆွဲရရင် ပျူတွေရဲ့ ဗုဒ္ဓ၀ါဒ ဟာ မနိမ့်ကျဘူးလို့သိရတယ်။ မွန်ယဉ်ကျေးမှုဟာ သာလွန်ကျော်လွှားပြီး လွှမ်းမိုးသွားခဲ့တယ် လို့ ဆိုနိုင်ရင်တောင် မှ ပျူယဉ်ကျေးမှုဟာ လည်း ပုဂံ မှာ အားကောင်းခဲ့တယ် ဆိုတာ ရာဇာကုမာရ ကျောက်စာရဲ့ စာမျက်နှာတစ်ဖက်က ဖော်ပြနေပါတယ်။ ဒါကြောင့်မို့အခုအချိန်ထိ တွေ့ရတဲ့သက်သေအထောက်အထားတွေအရ ကောက်ချက်ဆွဲရရင် ဗမာတွေဟာ သထုံကို တိုက်ခိုက်သိမ်းပိုက်မူ မပြုရသေးခင်ကာလမှာ ပျူ တွေဆီက ပါဠိ ဗုဒ္ဓသာသနာတော်ကို အထိုက်အလျောက် ရရှိခဲ့ပြီး ဖြစ်တယ်လို့ ဆိုရမယ်။
အနုရုန္ဓ ဘုရင်ခေတ် မတိုင်ခင် ကတည်းက ဗမာနဲ့ မွန်တွေဟာ ပူးတွဲ နေထိုင်ခဲ့ကြတယ်။ ဒါကြောင့်မို့ ဗမာတွေ တောင်ဘက်ကို ဆင်းပြီး မွန်တွေရဲ့ နိုင်ငံကို တိုက်ခိုက်သိမ်းပိုက်တဲ့ အခါ မွန်ယဉ်ကျေးမှုဟာ ဗမာ တွေအတွက် အသစ်အဆန်း မဟုတ်ပါဘူး။

ပါမောက္ခ လုစ်ကတော့ ဗမာတွေ မြန်မာပြည်ထဲ မ၀င်ရောက်ခင်ကတည်းက မွန်တွေဟာ ကျောက်ဆည်မှာ ရှိနေခဲ့တာ လို့ ကောက်ချက်ဆွဲပါတယ်။ ဗမာတွေ ထိုးဖောက်ဝင်ရောက်လာတဲ့အခါမွန်အများစုဟာ တောက်ဘက်ကို ရွှေ့ပြောင်းသွားကြပေမဲ့ ဒီ ဒေသရဲ့ အနောက်မြောက်ဘက်ပိုင်းမှာ မွန်အချို့ကျန်နေရစ်ခဲ့ပါတယ်တဲ့။ ၁၂၁၁ - ၁၂၆၂ အတွင်းက ဗမာ ကျောက်စာတွေမှာ တလိုင်းရွာကြီး သုံးရွာ ဆိုပြီး သုံးနေရာ ရည်ညွှန်းထားကို တွေ့ရတယ်။

အဲဒီ ရည်ညွှန်းချက်ဟာ ဆိုခဲ့ပြီး ကြွင်းကျန်ရစ်တဲ့ မွန် တွေကို ရည်ညွှန်းတာဖြစ်နိုင်ပြီး တည်နေရာကိုတော့ စမုံနဲ့ မြစ်ငယ်မြစ် ဆုံ အနီးမှာ ရှိတဲ့ ကမ္ဗလူ၊ သို့မဟုတ် ခဗူ လို့ဆိုတယ်။
ကျောက်ဆည်တောင်ရဲ့ အနောက်မြောက်ဘက် မှာ ယနေ့အချိန်ထိ စိုက်ထူထားတဲ့ မွန်ကျောက်စာအရ မွန်တွေ ဟာ ဗုဒ္ဓဘာ သာဝင်တွေလို့ ဆိုရမယ်။ ဒီကျောက်စာမှာ မွန်ဘုန်းတော်ကြီးတစ်ပါးက သိမ်ဆောက်လုပ်လှူဒါန်းခြင်းနဲ့ ပတ်သက်ပြီး ပုဂံက မဟာထေရ်နဲ့ ဘုရင်ကို လျှောက်တင် အကြောင်းကြားတဲ့ အကြောင်းဖော်ပြထားတယ်။ ဒီအချက်ကနေ ဗမာတွေဟာ ဘာသာရေးကိစ္စနဲ့ ပတ်သက်ပြီး အဲဒီဒေသက မွန်တွေနဲ့ ဆက်သွယ်မူရှိတယ် လို့ပြောရမှာ ဖြစ်တယ်။

တစ်ခုရှိတာက အဲဒီ ကျောက်စာမှာ ခုနှစ် သက္ကရာဇ် ရေးထိုးမထားတာပါဘဲ။ သို့သော်လည်း နောက်ကျမှ ၀င်ရောက်လာတဲ့ ဗမာ တွေဟာ ရှိနှင့် ပြီး မွန်တွေရဲ့ နေရာကို သိမ်းပိုက်လွှမ်းမိုးလိုက်တယ် ဆိုတဲ့ သမိုင်းယူဆချက်ကို လက်ခံမယ် ဆိုရင်တော့ နောက်ထပ် ကောက် ချက် တစ်ခု ထပ်ဆွဲလို့ ရပါတယ်။ အဲဒါ ကတော့ ဗမာတွေဟာ (၁၁) ရာစု မတိုင်ခင် ကတည်းက ဗုဒ္ဓသာသနာ ကို အတိုင်းတာ တစ်ခုထိ ကြွင်းကျန်ရစ်တဲ့ ကျောက်ဆည်က မွန်တွေထံကနေ ရရှိပြီး ဖြစ်တယ် ဆိုတာပါဘဲ။
ပုဂံခေတ် အစောပိုင်းမှာ ဗမာ တွေ ဘယ်လို ဘာသာတရားမျိုးကို ကိုးကွယ်ခဲ့တယ်ဆိုတာကိုသိဖို့အရေးကြီးတယ်။မွန်ဘာသာနဲ့ ရေးထိုးထားတဲ့ ကျောက်စာအများစုကို တွေ့ကြရလို့ အဲဒီခေတ်ကို မွန်ခေတ် (၁၀၅၇ - ၁၁၁၃) လို့ သမိုင်းဆရာ တွေ သတ်မှတ်ထားတယ်။

ထိလိုင်မင်း (၁၀၈၄ -၁၁၁၃) ရဲ့ ရွှေစည်းခုံကျောက်စာမှာ ဗုဒ္ဓသာသနာနှစ် ၁၆၃၀ (၁၀၈၆) နောက် ပုဂံမှာ စိုးစံမဲ့ ဘုရင်မင်းမြတ် ကို ချီးမွှမ်းထားတာ တွေ့ရတယ်။ အဲဒီ ကျောက်စာအရ ပုဂံမှာ အဲဒီအချိန်တုန်းက အဓိက ကိုးကွယ်တဲ့ ဘာသာတရားဟာ ဗုဒ္ဓ ၀ါဒ ဖြစ်တယ် လို့ ဆိုရမယ်။ သို့သော် အခြား ဘာသာတရားတွေရှိနေကြောင်းလည်း သိရတယ်။ ဥပမာ ထီးလှိုင်မင်းဟာ ဗိရှနိုး ၀င်စားတဲ့ ဘုရင်တပါး ဖြစ်တယ် လို့ ရေးထိုးထားတဲ့အချက်က အဲဒီ ခေတ်က ဗုဒ္ဓ၀ါဒ မှာ ဗြဟ္မဏ၀ါဒ လွှမ်းမိုးနေတယ် ဆိုတာ သိသာထင်ရှားတယ်။ ထီးလှိုင်မင်းဟာ ရှင်အရဟံ မထေရ်မြတ်ရဲ့ လမ်းညွှန်ဆုံးမမှုနဲ့ ဗုဒ္ဓသာသနာကို ပိဋကတ်တော်တွေရဲ့ ဆုံးမချက်နဲ့အညီစင်ကြယ်သန့်စင်ဖို့ကြိုးစားအားထုတ်ကြောင်း ရေးသားထားတယ်။ ပြီးတော့ ဗုဒ္ဓသာသနာဟာ လည်း ထွန်း ကားပြန့်ပွားနေကြောင်း သိရပါတယ်။ နောက်တစ်ချက် အံသြစရာတွေ့ရတာက အများစု ကိုးကွယ်တဲ့ ဘာသာတရား အပြင် အခြား အနည်းစု ကိုးကွယ်ရာ ဘာသာတရားတွေလည်း ရှိနေပြီး ဘာသာရေး အယူသည်းမူ မရှိတဲ့ အချက်ဖြစ်တယ်။ အဲဒီ ခေတ် က တိတ္တိ ဆိုတာဟာ ဒီနေ့ခေတ်မှာ နားလည်နေသလို ဗုဒ္ဓဘာသာ မှ တပါး အခြား ဘာသာတရားကိုးကွယ်သူ တွေကိုမရည်ညွှန်းဘဲဗုဒ္ဓ၀ါဒီ ဖြစ်စေ၊ ဗြဟ္မဏ၀ါဒီ ဖြစ်စေ သက်ဆိုင်ရာ ကျမ်းဂန်ရဲ့ လမ်းညွှန်ဆုံးမမူ အတိုင်း မနေထိုင်သူကို ဆိုလိုကြောင်း သိရတယ်။ နောက်ထပ် ကျောက်စာတစ်ခုမှာ ထီးလှိုင်မင်းရဲ့ ဗုဒ္ဓသာသနာနဲ့ ပတ်သက်တဲ့ ဆောင်ရွက်မူတွေ ရေး ထိုးထားတာ တွေ့ရတယ်။ ပုဂံရဲ့ အရှေ့မြောက်ဘက်မှာ ဇေယျဘူမိ (ရွှေစည်းခုံ) ဘုရားတည်ထား ကိုးကွယ်ခဲ့တယ်။တိမ် မြုပ်ပျောက်ကွယ်နေတဲ့ ပိဋကတ်ကျမ်းစာတွေကို ရှာဖွေစုဆောင်းစေခဲ့ပြီး မူကောင်း၊ မူသန့်ရအောင် သုတ်သင်စေခဲ့တယ်။

ဗုဒ္ဓဂါယာက ရှရှိ ဗဇြာ ဘုရားကျောင်းကို ပြုပြင်မွှမ်းမံဖို့ လူ၊ ငွေ၊ ပစ္စည်းတွေနဲ့ အတူစေလွှတ်ခဲ့ရုံမျှမက ရဟန်းသံဃာတော်တွေ ကိုလည်း ပစ္စည်းလေးပါးနဲ့ ထောက်ပံ့လှူဒါန်းကြောင်းရေးထိုးထားတယ်။ ပြီးတော့ ရှမ်း ? (စောဠ) မင်းသားတစ်ပါးကိုလည်း ဗုဒ္ဓဘာသာဝင် ဖြစ်စေခဲ့တယ် လို့ တွေ့ရတယ်။ ဒီလို ဘုရင်မင်းမြတ်ဟာ ဗုဒ္ဓသာသနာနဲ့ ပတ်သက်ပြီး ထောက်ပံ့လှူဒါန်းမူတွေ ထက်သန်စွာ ပြုလုပ်ခဲ့ပေမဲ့ အဲဒီ အချိန်တုန်းက ပုဂံနန်းတော်မှာ လက်ခံကိုးကွယ်နေတဲ့ ဗုဒ္ဓ၀ါဒ ဟာ သန့်စင်တယ် လို့ လုံးဝ မဆိုနိုင်ဘူး ဆိုတာ ကို သူ့ရဲ့ နန်းတည်ကျောက်စာ (၁၁၀၁-၀၂) မှာ ဖော်ပြနေတယ်။ အဲဒီကျောက်စာ မှာ ရှင်အရဟံ မထေရ် မြတ်ရဲ့ မျက်မှောက်မှာဘဲ ဘာသာအယူဝါဒ အရောရော အနှောနှော ဖြစ်နေတဲ့ နန်းတည် အခမ်းနား ကို ကျင်းပကြောင်း ဖော်ပြထား တယ်။ နန်းတည်မူ အခမ်းနားကြီးဟာ ဆောက်လုပ်ရေးမှာ အထူးကျွမ်းကျင်တဲ့ နက္ခတ်ဆရာ ဗြာဟ္မဏတွေရဲ့ စီမံမူ အောက်မှာ ကျင်းပခဲ့တယ်။ ဗုဒ္ဓဘာသာ ရဟန်းတော်တွေရဲ့ တာဝန်ဟာ ပရိတ်ရွတ်ဖတ်ရုံပါဘဲ။ ပရိတ်ရေတွေကိုလည်း ဗြဟ္မဏတွေကဘဲ ဗိရှနိုးနတ်နဲ့ သင်္ကေတလို့ပြောရမဲ့ ခရုခွံမှာ ထည့် သယ်ဆောင်ပြီး သွင်းလောင်းခဲ့ကြောင်းဖော်ပြထားတယ်။
နန်းတော်သစ်ရဲ့ မှာ အထူးနေရာတစ်နေရာကို ဘုရားဝတ်တက်ဆောင်အဖြစ်သတ်မှတ်ကြောင်း၊ ဗုဒ္ဓဆင်းတုတော်နဲ့ ကပ်လျက် မှာ ဂ၀ံပတိ ဆင်းတု တစ်ခုကို ထားရှိကြောင်းဖော်ပြထားပါတယ်။ ရှင်အရဟံ မထေရ်မြတ်အပါဝင် ရဟန်းသံဃာ ပေါင်း လေးထောင်၊ တစ်ရာ့၊ ရှစ်ပါး ကြွရောက်ခဲ့တယ် လို့ ဖော်ပြထားပေမဲ့ ကျောက်စာထဲမှာ ဗြဟ္မဏတွေက ပိုပြီး အရေးပါ သယောင် တွေ့ရတယ်။ ဘာဖြစ်လို့ တုန်းဆိုတော့ တွေ့ရသမျှ ကျောက်စာ အပိုင်း (၁ဂ) ပိုင်းထဲမှာ ဗြဟ္မဏတွေကို ဖော်ညွှန်း ထားတဲ့ နေရာ (၄၉) နေရာတောင် တွေ့ရလို့ဖြစ်တယ်။ ဆောက်လုပ်ရေး မှန်သမျှမှာလည်း ဗြဟ္မဏတွေက ဦးဆောင်တာကို တွေ့ရတယ်။ ဒါကြောင့်မို့လို့ အခမ်းနားတိုင်းမှာ ဗိရှနိုးနတ်ကို ရှိခိုးတာနဲ့ စမယ် လို့ ကောက်ချက်ဆွဲနိုင်တယ်။ ဣန္ဒနတ်(သိကြားမင်း)ကိုလှူဒါန်းမှုလုပ်တယ်ဆိုတာလည်း တွေ့ရတယ်။ နောက် အရေးပါတာ တစ်ချက်က ဗြဟ္မဏတွေဟာ နာဂ ကို ရှိ ခိုးပူဇော်မူ လုပ်တယ် ဆိုတဲ့ အချက်ဖြစ်တယ်။

ဗြဟ္မဏ၀ါဒရဲ့ လွှမ်းမိုးမူတွေရှိနေတယ်ဆိုတာ အကောင်းဆုံးဖော်ပြဖို့တော့ ပါမောက္ခ ဂျီ အိပ်ခ်ျ လုစ် ရဲ့ စကားကို ကိုးကားရ မှာ ဖြစ်တယ်။
‘‘နန်းကျ မွန်ဘုရင် (မကုတ) ရဲ့ နန်းဘုရားမှာ အဓိက ကျန်ရစ်ခဲ့တဲ့ ပန်းပုလက်ရာတွေဟာ ဗြာဟ္မာ ရုပ်ထုတွေ ဖြစ်တယ်။ ကျန်စစ်သားရဲ့ နန်းတော်နဲ့ ကပ်လျက်မှာ ယနေ့ အချိန်ထိ တည်ရှိကျန်ရစ်နေသေးတာ ကတော့ ဗိရှနိုးနတ်ရဲ့ ဘုရားကျောင်းဖြစ်တဲ့ နတ်လှောင်ကျောင်း ဖြစ်တယ်။ ရှီဝ နတ် ရဲ့ သင်္ကေတနဲ့ ရုပ်ထုတွေကို ဗိရှနိုးနတ်နဲ့ စာရင် ပုဂံမှာ တွေ့ ရနည်းပေမဲ့ သထုံ၊ ရွှေစာရံ ဘုရားက ရှေးဟောင်း စဥ့်သုတ်ပြားတွေပေါ်မှာ ဗြာဟ္မာ၊ ဗိရှနိုးနဲ့ ရှီဝ နတ်သုံးတို့ရဲ့ ပုံတွေကို မြင် တွေ့နိုင်ပါတယ်’’

ပုဂံမင်းဆက်တစ်ဝက်နောက်ပိုင်းမှာ ရေးထိုးခဲ့တဲ့ ကျောက်စာတွေမှာတောင်မှ ဗြာဟ္မဏလွှမ်းမိုးမူတွေရှိနေတယ် ဆိုတာကို တွေ့ရတယ်။ အေဒီ ၁၂၃၅ မှာ ရေးထိုးခဲ့တဲ့ ကျောက်စာ တစ်ချပ်မှာ လိင်တိုင် (လိင်္ဂ) လို့ အမည်ပေးထားတဲ့ ရွာတစ်ရွာကို တွေ့ရပြီး ဒါဟာ ဘာ ကိုဖော်ပြသလဲ ဆိုတော့ တစ်ခါတုန်းက လိင်အင်္ဂါဇာတ်ကို ကိုးကွယ်တဲ့ ဓလေ့ ရှိခဲ့နိုင်တယ် လို့ ယူဆရတယ်။ အေဒီ ၁၂၅၆ မှာ ရေးထိုးခဲ့တဲ့ ကျောက်စာ တစ်ချပ်မှာတော့ ကုလားနတ်လို့ ခေါ်တဲ့ ရွာတစ်ရွာရဲ့ အမည်ကို ဖော်ပြထားပြီး အဲဒီ ရွာ ဟာ တစ်ခါက ကုလားနတ် တစ်ပါးပါးကို ကိုးကွယ်ခဲ့ပုံရတယ်။ မဟာပိန္နဲနတ် (မဟာဝိနာယက) သို့မဟုတ် ဂဏေရှနတ်ကို တော့ အေဒီ၁၂၇၅မှာရေးထိုးတဲ့ ကျောက်စာတစ်ချပ်မှာ တွေ့ရပါတယ်။ ၁၁၇၉ အေဒီ မှာ ရေးထိုးတဲ့ ကျောက်စာမှာ ဂ၀ံပတိ ဆိုတဲ့ အမည်ကိုလည်း ဗုဒ္ဓမြတ်စွာနဲ့ အဂ္ဂသာဝက အမည်နှစ်ပါးတို့နဲ့ အတူတွေ့ရတယ်။ ဒါကြောင့်မို့လို့ ဗမာ တွေဟာ ဗုဒ္ဓ၀ါဒ ကို မွန်တွေဆီက ရတယ် လို့ ပြောနိုင်တယ် ဆိုရင်တောင် အဲလို မွန်တွေထံက ရောက်ရှိလာတဲ့ ဗုဒ္ဓသာသနာ ဟာ သာသနာ ၀ံသနဲ့ သမိုင်းကျမ်းတွေမှာ ပြောထားသလိုမျိုး သန့်ရှင်းစင်ကြယ်တဲ့ ဗုဒ္ဓ၀ါဒ မဟုတ်ဘူး ဆိုတာပါဘဲ။

ထိလိုင်မင်း (၁၀၈၆-၁၁၁၃) နတ်ရွာစံပြီးတဲ့ အခါ မွန်ယဉ်ကျေးမူရဲ့ လွှမ်းမိုးမူ ကျဆင်းသွားပြီး အဲဒီ ခေတ်ကကျောက်စာ အများစုကို ဗမာစာနဲ့တွေ့ကြရတယ်။ သို့သော် လည်း ကျောက်စာ အနည်းငယ်ကိုတော့ ပါဠိသက်သက်၊ သို့မဟုတ် ပါဠိ-ဗမာ ရောနှောပြီး ရေး ထိုးကြဆဲဖြစ်တယ်။ ဗြာဟ္မဏ၀ါဒရဲ့ လွှမ်းမိုးမူလည်း ကျဆင်းသွားတယ် လို့ပြောနိုင်ပေမဲ့ ဗိသုကာ အဆောက် အုံတွေမှာ ကလသာ အိုးပါနေသလို မျိုး ဗြာဟ္မဏ၀ါဒရဲ့ အကြွင်းအကျန်လက်ရာတွေကတော့ ပုဂံမင်းဆက် ကုန်ဆုံးချိန်ထိ တွေ့နေရပါတယ်။

ရတနာသုံးပါးကို ထီးလိုင်မင်းလက်ထက်က ရတ်နတျေ လို့ခေါ်ခဲ့ရာကနေ နောက်ခေတ်မှာ ရတနာသုံးပါး ဖြစ်သွားတယ်။ ဘုရား၊ တရား၊ သံ ဃာ ရတနာ သုံးပါးကို ဆိုလိုတာဖြစ်ပြီး ဘုရားရဲ့ အဆုံးမသာသနာတော်ဟာ လည်း နှစ်ငါးထောင်ရှည်ကြာမယ် လို့ ယုံကြည်ကြတယ်။ သို့သော်လည်း အများထက်ပိုပြီး တွေးခေါ်တတ်တဲ့ စကုက်ရိ(စက္ခုကာရီ) လို အရှင်ကတော့ သာသနာဟာ ကမ္ဘာတည်သရွေ့ တည်လိမ့်မယ် လို့ တွေးခေါ်ယူဆပါတယ်။ အိုစောကျွမ်း (မိဘုရားစော) ကလည်း ဗုဒ္ဓသာသနာ ဟာ အသင်္ချေ တရာ ကာလ တိုင်အောင် ကြာရှည်မယ် လို့ မျှော်လင့်ခဲ့တယ်။ ဒီနေ့ ခေတ်မှာတောင် ဗုဒ္ဓဘာသာဝင် အများစုဟာ ဗုဒ္ဓသာသနာ ဟာ နှစ်ငါးထောင်ထက် ပိုပြီး ရှည်ကြာမယ်လို့ မမျှော်လင့်ကြဘူး။ ရှေးတုန်းက ဗမာ တွေလည်း ဒီအတိုင်းပါဘဲ။ သိပ်မစဉ်းစား ကြဘဲ သာသနာဟာ နှစ်ငါးထောင်ရှည်ကြာမယ်၊ အဲဒီ ရှည်ကြာသလောက် ကာလမှာ သာသနာကို တတ်နိုင်သမျှ လှူဒါန်း ထောက်ပံ့ဖို့ဟာ တာဝန်တစ်ရပ်ဘဲလို့ ခံယူထားကြတယ်။

ဒီတာဝန်ထဲ မှာ မိမိကိုယ်တိုင် သံသရာ ၀ဋ်ဆင်းရဲကနေ လွတ်မြောက်အောင် ကြိုးစားခြင်းလည်းပါတယ်။ ဗုဒ္ဓတရားတော်တွေက ဒီလောကမှာ ပိုင်ဆိုင်သမျှ ဘယ်အရာမှ မတည်မြဲဘူး၊ ဒီ ဘ၀မှာ ဘယ်လောက် စည်းစိမ်ဥစ္စာပြည့်စုံသည်ဖြစ်စေ၊ မသေအောင်တားမထားနိုင်ဘူး၊ သေသွားရင် ပိုင်ဆိုင်သမျှ ထားသွား ရလိမ့်မယ်။ ဒါကြောင့် မို့လို့ မိမိ ပိုင်ဆိုင်တဲ့ စည်းစိမ်ဥစ္စာတွေကို လွတ်လွတ်စွန့်ကြဲတာ၊ သူမတအောင် စွန့်ကြဲလှူဒါန်း တာဟာ နောက်ဆုံးပန်းတိုင်ဖြစ်တဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ဖို့ ကုသိုလ် အထောက်အပံ့တွေဖြစ်တယ် လို့ သင်ကြားဆုံးမ ထားပါတယ်။ အလှူတစ်ခုပြုပြီး လို့ ဆုတောင်းကြတဲ့ အခါ နောင် ပွင့်တော်မူမဲ့ အရိမေတ္တေယျ ဘုရားရှင်ထံမှောက်မှာ နိဗ္ဗာန် မဂ်ဖိုလ်ကို မျက်မှောက် ပြုလိုကြောင်း ဆုတောင်းတတ်ကြပါတယ်။ ပိုပြီး ကြီးမားတဲ့ ဆန္ဒရှိသူတွေကတော့ ဘုရားဆု ပန်ကြ တယ်။ သို့သော်လည်း ဗုဒ္ဓတရားတော်တွေဟာ နိဗ္ဗာန်ကို မျက်မှောက်ပြုရန် ရည်မှန်းဖို့နဲ့ ယခု ဘ၀မှာတင် နိဗ္ဗာန်ရောက်နိုင်ဖို့
ကျင့်စဉ်တွေကို ဟောကြားဆုံးမထားပါတယ်။ ဒီလို ဟောကြားဆုံးမထားတဲ့ ဗုဒ္ဓ၀ါဒ တရားတော်တွေဟာ အဲဒီ ခေတ်က ပုဂံသူ၊ ပုဂံ သားတွေအပေါ်မှာ အများကြီးလွှမ်းမိုးထားနိုင်ခဲ့တယ်။ ဒီအကြောင်းကို သူတို့ရဲ့နေစဉ်ဘ၀ကို ထင်ဟပ်နေတဲ့ ကျောက်စာ ရေးထိုးမူတွေကနေ သိနိုင်တယ်။

ဗုဒ္ဓဘာသာဖြစ်လာတာနဲ့ အရင်က ရဲ့ဝံ့တက်ကြွပြီး စစ်လိုလားတဲ့ ဗမာ လူမျိုးတွေဟာ တဖြည်းဖြည်းနဲ့ ငြိမ်းငြိမ်းချမ်းချမ်းနေလိုသူတွေဖြစ်လာခဲ့တယ်။ အဲဒီ ငြိမ်းချမ်းမူနဲ့ အတူ အနုပညာ၊ ဗိသုကာအတတ်တွေလည်း ဖွံ့ဖြိုးလာခဲ့တယ်။ ဒီ လိုဖြစ်ပေါ်လာတဲ့ တိုးတက်မူတွေဟာ အိန္ဒိယနိုင်ငံရဲ့ ကျေးဇူးဘဲ ဆိုတာ ရှေးဗမာတွေ သိခဲ့ကြတယ်။ ထီးလိုင်မင်း ဟာ အိန္ဒိယက ဗုဒ္ဓဂါယာမှာ ရှိတဲ့ ဘုရားကျောင်းကို လူစေလွှတ်ပြီး ပြုပြင်မွှမ်းမံခိုင်းခဲ့တယ်။ အဲဒီ အချိန်က ဗမာပြည်က ဘုရားဖူးခရီးသည်တွေဟာအိန္ဒိယမှာရှိတဲ့ ရှေးဟောင်းဗုဒ္ဓ၀င် နေရာ ဌာနတွေကို ဘုရားဖူး သွားခဲ့ကြမယ်လို့တောင် ယူဆနိုင်ပါတယ်။

မိဘုရားတစ်ပါးဟာ သူဆောက်လုပ် လှူဒါန်းထားတဲ့ ကျောင်းတိုက်အတွင်းမှာ ဗုဒ္ဓမြတ်စွာ သဗ္ဗညုတဉာဏ်တော် ရရှိတော်မူ ခဲ့တဲ့ နေရာက မဟာဗောဓိညောင်ပင်ရဲ့ အစေ့က မျိုးပွားလာတဲ့ ဗောဓိညောင်ပင်ပွား တစ်ပင်ကို စိုက်ပျိုးခဲ့ကြောင်းတွေ့ရတယ်။ အေဒီ ၁၂၅၈ ရက်စွဲ တပ်ထားတဲ့ ကျောက်စာ တစ်ချပ်မှာ ဗုဒ္ဓဂါယာက စေတီ တစ်ဆူ ပြုပြင်မွှမ်းမံတဲ့ ကုသိုလ်ကောင်းမူ ပြုလုပ် ခဲ့ကြောင်း မှတ်တမ်းကို တွေ့ရတယ်။

ဘုရားဆိုတဲ့ ဗမာ စကားဟာ မြတ်သောလို့ အဓိပ္ပါယ်ရပြီး ‘‘၀ရ’’ ဆို တဲ့စကားက ဆင်းသက်လာတာဖြစ်နိုင်တယ်။ အများအား ဖြင့်တော့ ဗုဒ္ဓမြတ်စွာရဲ့ သရီရ ဓါတ်တော်တွေကို ဌာပနာထားတဲ့ စေတီ ပုထိုးတွေကိုဘဲ ဗုဒ္ဓမြတ်စွာ ကိုယ်တော်တိုင်အဖြစ် ရည်မှန်းပြီး ဘုရားလို့ ခေါ်ပါတယ်။ သို့သော်လည်း ရှင်ဘုရင်ကိုလည်း ဘုရားလို့ ဘဲခေါ်ပြီး သူ့ရဲ့ ဇနီး ကိုတော့ ရှေ့က ‘‘မိ’’
ထည့်ပြီး ‘‘မိဘုရား’’ သို့မဟုတ် ‘‘အမိ’’ ထည့်ပြီး ‘‘အမိဘုရား’’ လို့ ခေါ်ပါတယ်။

ဒီလို အသုံးနှုန်းတူနေတဲ့ ကိုးကွယ်ရာ ဘုရားနဲ့ အုပ်ချုပ်သူ ဘုရား ကို ခွဲခြားဖို့ အတွက် ရှေး ကျောက်စာရေးသူတွေဟာ ဗုဒ္ဓမြတ်စွာကို ရည်ညွှန်းချင်တဲ့အခါ ‘‘မြတ်စွာသော ဘုရား’’ လို့သုံးနှုန်းပြီးအုပ်ချုပ်သူ ဘုရင်ကို ရည်ညွှန်းချင်တဲ့အခါ ‘‘ဘုရားရှင်’’ လို့ သုံးပါတယ်။ ရှင်ဘုရင်ကို ‘‘ဘုရားလောင်း’’ လို့လည်း သုံးတတ်သေးတယ်။ ဘုရား ဆင်းတုတော်တွေကိုတော့ ‘‘ဘုရားဆင်းပု’’ သို့မဟုတ် ‘‘ဘုရားရုပ်’’ လို့သုံးပါတယ်။ ဆင်းတုဆိုတဲ့ စကားဟာ ‘‘ဆ’’ ၊ “ဗို’’ ဆိုတဲ့ ပျူ စကားရဲ့ အဓိပ္ပါယ်နဲ့ အတော်တူပြီး သစ်၊ ကျောက်နဲ့ ထုလုပ်တဲ့ ဘုရားပုံတွေကို သာမကဘဲ ဂူပေါက်စေတီ တွေရဲ့ နံရံမှာ ရေးဆွဲထားတဲ့ ဘုရားပုံတွေကို ပြောဖို့လည်း သုံးပါတယ်။ တခါမှာ (၁၇) ရက်အတွင်း ဘုရားရုပ်ပုံပေါင်း ၁၄၆၁၉ ရုပ်ရေးခြယ် ပူဇော်ခဲ့တယ် လို့သိရပြီး တခါတော့ ပုံပေါင်း (၄၀၀၀) ရေးခြယ်ပူဇော်တယ် ဆိုတာကို လည်းတွေ့ရတယ်။ အများအားဖြင့် ဂေါတမ ဗုဒ္ဓမြတ်စွာရဲ့ ပုံတော်ကို ရေးဆွဲ၊ ထုလုပ်တာဖြစ်ပြီး တခါတရံ အခြား ဘုရားရှင်တွေ ရဲ့ ပုံတော်တွေကိုလည်း ရေးခြယ် ထုလုပ်တယ်။ ဒီ ဘုရားဆင်းတု ရုပ်ပုံ တွေဟာ တစ်ဆူနဲ့ တစ်ဆူ ပုံစံ တူတွေသာဖြစ်တယ်။

မတူအောင် ခွဲခြားတဲ့နည်းက ဘုရားတစ်ဆူစီ အမှီပြုပြီး သဗ္ဗညုတဉာဏ်ရရှိရာ နောက်ခံ ဗောဓိပင်ကို မတူအောင် လုပ်တာဖြစ် တယ်။ ဗုဒ္ဓမြတ်စွာရဲ့ရှေးဘ၀ဖြစ်တော်စဉ် ဇာတ် ငါးရာ၊ သို့မဟုတ် ၅၅၀ ဇာတ်တော် ထဲက အကြောင်းရာတွေဟာ ဂူဘုရားတွေရဲ့ နံရံ မှာ ရေးခြယ်ဖို့ အဓိက အကြောင်းရာ တွေဖြစ်တယ်။ အမှန်တော့ ဒီ ဇာတ်တော်တွေဟာ ၅၄၇ ဇာတ်ဘဲ ရှိတာဖြစ်တယ်။ ၅၅၀ ပြည့်အောင် အခြားဇာတ်သုံးဇာတ်ကို တီထွင်ပေါင်းထည့်ထားတာ ဖြစ်တယ်။ အာနန္ဒာ ဘုရားမှာ မွန်မူက လာတဲ့ ဇာတ်တော် တွေကို သရုပ်ဖော်ထားတဲ့ စဥ့်ကွက်ပေါင်း ၁၅၀၀ လောက်ရှိတယ်။ အများအားဖြင့် စဥ့်ကွက်တစ်ခု ဟာ ဇာတ်တော် တစ်ခုစီကို ကိုယ်စားပြုပေမဲ့ နောက်ဆုံး ဇာတ်တော်ကြီး ဆယ်ခုကတော့ တစ်ခုမက ရှိနိုင်တယ်။ ဒီလို ဇာတ်တော်တွေရဲ့ အကောင်းဆုံး နမူနာ ဆေးရေးလက်ရာကို ၀က်ကြီးအင်း၊ ဂူပြောက်ကြီးမှာ တွေ့နိုင်တယ်။

အေဒီ ၁၂၉၄ က ကျောက်စာတစ်ချပ်မှာ ဘုရားခြေတော်ရာတော်ကိုလည်း အရောင်အမျိုးမျိုးနဲ့ ရေးခြယ်တယ်လို့ ရေးထိုးထား ပါတယ်။ ဘုရားဆင်းတုတော်တွေ ထုလုပ် ရေးခြယ်တဲ့ လက်မှုပညာသည်တွေကို ဘုရားသမား လို့ခေါ်တယ်။ ဘုရားထုလုပ် ရေးခြယ်ခကို ငွေ သို့မဟုတ် ပစ္စည်း၊ သို့မဟုတ် နှစ်ခုပေါင်းပေးလေ့ရှိတယ်။ တခါက ဘုရားထုလုပ်ခပေးဖို့ ကျွန်မိန်းကလေး တစ်ယောက်ကို ရောင်းတယ် ဆိုတာမျိုးတွေ့ရတယ်။ အေဒီ ၁၂၃၆ က ကျောက်စာအရ ဘုရားထုလုပ်ခဟာ ဘုရားဆင်းတု (၁၀) ဆူ အတွက်၊ ငွေပြား(၃၀)၊အနက်ရောင်လီနင်စတစ်ထည်နဲ့ မြင်းတစ်ကောင် ဖြစ်တယ် လို့ သိရပါတယ်။ အလှူရှင်တွေဟာ မတ်ရပ် ဘုရားဆင်းတုတော်တွေကို မိမိအရပ်နဲ့ တိုင်းပြီး ပြုလုပ်ပူဇော်တတ်ကြတယ်၊ ဒီလို ဘုရားဆင်းတု မျိုးကို ကိုယ်တိုင်း ဘုရားလို့ ခေါ်ပြီး အရပ်ရော၊ အလေးချိန်ရော တိုင်းတာ ပူဇော်ကြတဲ့အခါ ‘‘ကိုယ်တိုင်း ရုပ်တိုင်း’’ ဘုရားလို့ ခေါ်ကြပါတယ်။ 

0 comments:

Post a Comment

ဤBlogကသင့်အတွက်အကျိုးရှိစေပါသလား
ရှိပါတယ်
မရှိပါ