စွယ်စုံမြို့တော်သို့ လာရောက်လည်ပတ်သောသူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။

Thursday, January 19, 2017

သံသရာ့ ရေသောက်မြစ်သုံးသွယ်

သံသရာ့ ရေသောက်မြစ်သုံးသွယ်

ယနေ့ ခေတ် လူ့ လောကမှာ ရုပ်ပိုင်းဆိုင်ရာတွေ တိုးတက်နေသလောက် စိတ်ပိုင်းဆိုင်ရာတွေဟာ ကျဆင်း ညံ့ဖျင်း ဆုတ်ယုတ်လာကြတယ်။ ထီထွင်မူတွေအမျိုးမျိုး တွေကြောင့် ခေတ်တစ်ခေတ်နဲ့ တစ်ခေတ် မတူညီသော ပြောင်းလဲမူတွေ နဲ့  ကမ္ဘာ့ကြီးက ရွာလေးတစ်ခုပါလို့ ပြောစမှတ်ရလောက်အောင်ကို နည်းပညာတွေဟာ ထွန်းကားလာပါတယ်။ ဒီရုပ်တွေနောက်အမှီလိုက်ရင်းနဲ့ လူတွေရဲ့ စိတ်သဏ္ဍာန်မှာ ကိလေသာတွေလည်း တိုးပွားသထက်တိုးပွားလာစေပါတယ်။ လောဘ ဒေါသ မောဟဆိုတဲ့ ကိလေသာမီးတွေက လောကကြီးကို လောင်မြိုက်နေလေတော့ ရာသီဥတုဘေးအန္တာရယ် အစားအစာပြတ်လပ်မူ သံယံဇာတရှားပါးမူတွေကြုံနေကြရတယ်။ ခေတ်ရေစီးကြောင်း လူမူဆက်ဆံရေးတွေမှာ အရင်ကနဲ့ မတူ တစ်ဟုန်တိုးပဲ တိုးတက်ပြောင်းလဲလာကြတယ်။ မိမိတို့ ရဲ့ လူမူကွန်ရက်ကို တိုးချဲ့ ကြတယ်။ တစ်ချို့ က ဒါကို မိမိရဲ့ အကျိုးစီးပွားအတွက် အသုံးချသလို၊ တစ်ချို့ က သူတစ်ပါးအကျိုးစီးပွားအတွက်၊ တစ်ချို့ က လှောင်ပိတ်နေတဲ့ စိတ်တွေရဲ့ ထွက်ပေါက်အတွက် အသုံးချတတ်ပါတယ်။ ရည်ရွယ်ချက်အမျိုးမျိုးနဲ့  မတူညီကြတဲ့ လူမျိုးပေါင်းစုံတွေက ဒီကွန်ရက်ကို အသုံးပြုကြလေတော့ မည်သူကို လူကောင်း လူဆိုးဆိုတာ ခွဲခြားသိဖို့ ရာလည်းအင်မတန်မှခဲယဉ်းသွားလေတယ်။ကာတွန်းဆရာ Peter Steiner ရေးဆွဲပုံဖော်ခဲ့တဲ့ On the internet, nobody knows you are a dog ဆိုတဲ့စာသားနဲ့ အတူ ပုံဖော်ခဲ့တဲ့ကာတွန်းက အင်တာနက်သုံးစွဲနေသူများအတွက် သတိပေးပုံဖော်ထားခြင်းပင်။ သုံးတတ်ရင်ဘေး မသုံးတတ်ရင်ဆေးဆိုသည့်အတိုင်း ဒီအရာတွေနဲ့ လောကကြီးကို လှပအောင် ပုံဖော်နေသူများရှိသလို ဖျက်စီးအောင်ပြုသူများလည်း မရေမတွက်နိင်အောင်ပင်။ ဒီအရာတွေကြောင့် တစ်ဦးနဲ့ တစ်ဦး မနာလို ၊ ငြင်းခုံ၊ အမုန်းပွား တိုက်ခိုက်နေကြတယ်။ ဟိုတစ်ဘက်လူက မီးနဲ့ ပစ်ပေါက်တာကို ဒီတစ်ဘက်လူက မီးနဲ့ ပြန်လည်ပြီး ပစ်ပေါက်လေတော့ မီးအင်အားစုတွေဟာတစ်ဖြည်းဖြည်းနဲ့ အင်အားကောင်းလာတယ်။ မီးတွေ အင်အားများလာတော့ နှစ်ဘက်စလုံးကိုလောင်ရုံတင်မကပဲ မဆိုင်တဲ့နေရာတွေပါ လိုက်ပြီးလောင်လေတယ်။ အဆုံးမှာ ဒီမီးကို မငြိမ်းသတ်နိင်ကြတော့ဘူး။ တစ်ဘက်က မီးနဲ့ ပစ်ပေါက်ရင် ရေနဲ့ ပြန်ပစ်ပေါက်ဖို့ သတိမရကြတော့ပါ။ စိတ်အင်အား ရင့်ကျက်မူအားနည်းလေတာ့ ဒေါသမီးတွေကို မေတ္တာဆိုတဲ့အေးမြတဲ့ရေနဲ့  တုန့် ပြန်ဖို့ မေ့နေတတ်ကြတယ်။ စိတ်ဓာတ်အင်အားတွေ နည်းလာတယ်။ လောကမှာ ဗုဒ္ဓသည်ပင် လောကဓံများကို ရင်ဆိုင်ရချိန်မှာ တန်ခိုးတွေရဲ့ အစွမ်းနဲ့ တစ်ဘက်ကို အနိင်မယူခဲ့ပါ။ ဗုဒ္ဓရဲ့ မတုန်မလှုပ်သော စိတ်စွမ်းအား မေတ္တာတရားများနဲ့ အနိင်ယူခဲ့ပါတယ်။မနက်အိပ်ရာထလို့ မျက်စိနှစ်လုံး စဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက် မျက်စိက ၀င်လာတဲ့အာရုံ။ နားက ကြားတဲ့အာရုံ။ နှာခေါင်းက တိုက်လာတဲ့အာရုံ။ စားသောက်တဲ့အခါမှာ လျှာပေါ်မှာတွေ့ ထိလာတဲ့ အာရုံ။ ကိုယ်မှာလာပြီးတိုက်နေတဲ့ အာရုံတွေ ၊အေးမူ ပူမူသဘောတွေကထင်ရှားပါတယ်။ နေပူထဲသွားရင် ပူတဲ့သဘောကို သိရတယ်။ အေးတဲ့နေရာမှာနေတော့ အေးတဲ့သဘောတွေ။ တစ်ဖန် မနောဓာတ်မှာလည်း ကြံစည်စိတ်ကူးတဲ့အာရုံတွေ။ ဒီလို တံခါးရပ်တွေမှာ ဖြစ်ပေါ်နေတဲ့ အာရုံတွေကို ကြိုက်ရင်လောဘစိတ်လေးဖြစ်လိုက် မကြိုက်ရင် ဒေါသစိတ်လေးဖြစ်လိုက်။ ကြိုက်သည်လည်းမဟုတ် မကြိုက်သည်လည်းမဟုတ်ပဲ တွေဝေနေရင် မောဟစိတ်လေးဖြစ်လိုက်နဲ့  တစ်စက္ကန့် ကလေးမှမနားရအောင် ရုပ်နာမ်တွေက ဖြစ်ပျက်သွားကြတယ်။ ဒီသဘာဝလောကကြီးမှာကျင်လည်နေတဲ့ ရုပ်နဲ့ နာမ်ကို အစွဲပြု ပြီးတော့ သတ္တ၀ါလို့ ခေါ်ဆိုသမုတ်ထားတဲ့ လူ၊ နတ် ဗြဟ္မာ၊ တိရိစ္ဆာန်၊ ပြိတ္တာ၊ အသူရကယ်၊ ငရဲသူ ငရဲသားတွေဟာ ပြုခဲ့ကြတဲ့ သင်္ခါရကံကြောင့် ဘုံဘ၀အမျိုးမျိုး မတူညီပဲ ခံစား စံစားကြရတယ်။ဒီ ရုပ်နဲ့ နာမ် ကျင်လည်ခဲ့တဲ့ သံသရာရဲ့ အစမထင်သလို ရုပ်နဲ့ နာမ်တို့ ရဲ့ သရုပ်အမှန် ဒုက္ခမှန်းမသိရင် သံသရာဘယ်မှာ ဆုံးမလဲဆိုတာမသိနိင်ပါ။ ဒီလိုနဲ့ ပဲ တစ်ဘ၀ပြီး တစ်ဘ၀။ ဘ၀တွေအမျိုးမျိုးပြောင်းပြီးနေနေကြရတော့ ပျော်တစ်လှည့် ငိုတစ်လှည့်နဲ့ ဆိုတော့ (၁၀၀) မကသော မြှားတို့ နဲ့ ပစ်ခတ်ခံရသလို။ အသူတရာနက်လှစွာသော ချောက်ကမ်းပါးတို့ ကျရောက်သွားသလို။ ဘေးကြီးလေးပါး ခြံရံပြီးနေတာကို မသိနိင်လောက်အောင် ဒီသံသရာကို အလွန်စွဲလမ်းနေတယ်။ ငါ့ရဲ့ ခန္ဓာ၊ ငါ့ကိုယ် ငါ့ဥစ္စာလို့  ငါရှိတယ်လို့ ထင်မှတ်စွဲလမ်းပြီးတော့ မစွန့် နိင်မခွာနိင်အောင်ဖြစ်လေတော့ ဒုက္ခဘေးတွေဝိုင်းနေတာကိုလည်း အ၀ိဇ္ဇာက ဖုံးကွယ်လေတော့ မမြင်နိင်ကြပါ။ မည်သို့ ပင်ဆိုစေကာမူ အကျဉ်းချုပ်တော့ ကုသိုလ်နဲ့ အကုသိုလ် ကံနှစ်ဝ ဒီသံသရာစက်မှာလည်ပတ်နေကြပြီး ကောင်းတဲ့ကုသိုလ်ကံအကျိုးပေးရင် ကောင်းတဲ့အကျိုးခံစားရသလို အကုသိုလ်ကံအကျိုးပေးလေတော့ မကောင်းတဲ့အကုသိုလ်ကံရဲ့ အကျိုးကို ခံစားနေကြရပါတယ်။ဗုဒ္ဓဟောတော်မူခဲ့တဲ့ သာဓကဇာတ်တော်များထဲမှာ ဘယ်ဘ၀က မည်သူသည် မည်သို့ သောကောင်းမူ ကုသိုလ်ကံကို ပြု၍ ဤဘ၀မှာ ဤကဲ့သို့ သော ကောင်းကျိုးကို ခံစားရလေသည်။ မည်သူသည် မည်သို့ သော မကောင်းမူကိုပြုကျင့်၍ ဤသို့ သောဘ၀မှာ ထိုအကျိုးကို ခံစားရလေသည်ဟု ပရိယာယ်နည်းနဲ့ ဟောကြားတော်မူလေပါသည်။ ပုဂ္ဂိုလ် သတ္တ၀ါကို ပညတ်ထားဟောတော်မူပေမယ့်လို့  ပုဂ္ဂိုလ် သတ္တ၀ါကို ရည်ရွယ်သည်မဟုတ်ပါ။ ပုဂ္ဂိုလ် သတ္တ၀ါလည်းမရှိပါ။ ကုသိုလ်ကံ နှင့် အကုသိုလ်ကံတို့ ၏ သဘောတရားသက်သက်ကိုသာ ရည်ရွယ်ပါသည်။ ပရိယာယ်နည်းဖြင့်ဟောတော်မူခဲ့ပါတယ်။သံသရာရဲ့ ကြောက်စရာဘေးတွေအမျိုးမျိုးကို ဝေဖန်ပိုင်းခြားဟောကြားတော်မူခဲ့ပါတယ်။ ဒီသံသရာကို ချဲ့ ထွင်တတ်တယ်ဆိုတဲ့ ပပဉ္စတရားသုံးပါးဖြစ်တဲ့ တဏှာ၊ မာန၊ ဒိဋ္ဌိ။ ဒီတရားဆိုး တရားယုတ်တွေဟာ ခန္ဓာငါးပါးဆိုတဲ့ ရုပ်နာမ် မှာ ၀င်ပူးတော့ ခန္ဓာငါးပါးလည်း အင်မတန် ညစ်နွမ်းတဲ့သဘော ဆိုးသွမ်းတဲ့သဘောရောက်လာကြတယ်။ ဒါကြောင့် ပဉ္စက္ခန္ဓာဆိုတာ ကိလေသာအာသဝေါတရားကုန်ခမ်းတဲ့ ဘုရားရဟန္တာများမှာသာဖြစ်ပါတယ်။အ၀ိဇ္ဇာ စ-အ၀ိဇ္ဇာတည်းဟူသော မောဟကိုလည်းကောင်း၊ ဘ၀တဏှာ စ- ဘ၀အသစ်အသစ်ဖြစ်ချင်တယ်ဆိုတဲ့ ဘ၀လိုချင်သော ဘ၀တဏှာကိုလည်းကောင်း၊ (၀ါ) သဿတ၀ါဒကိုလည်းကောင်း၊၀ဋ္ဋကထံ- ၀ဋ္ဋကထာတည်း ဟူသော ပဋိစ္စသမုပ္ပါဒ်ဒေသနာကြီးကို (၀ါ) ၀ဋ်ကိုအမြဲလည်စေတတ်သော လည်သောတရားတည်း ဟူသော ဒေသနာကို ၊ ကထေန္တော-ဟောကြားတော်မူသည်။ တဏှာတရားသုံးပါးဖြစ်တဲ့ ကာမတဏှာ ဘ၀တဏှာ ၀ိဘ၀တဏှာ ဆိုတဲ့ တရားသုံးပါးထဲမှာ သံသရာကြီးလည်စေအောင် လုပ်နေတာ သံသရာ့ ဝဋ်မြစ်ဖြစ်အောင် လုပ်နေတာ ဘယ်တဏှာလဲဆိုတော့ ဘ၀တဏှာပါတဲ့။ ဘ၀တဏှာ ဆိုတဲ့ ဘ၀အသစ်တွေဆက်ကာ ဆက်ကာ ဖြစ်ချင်တယ်။ ဘ၀ကို နှစ်သက်တယ်။ ဘ၀မြဲတယ်။ဘ၀လိုချင်တယ် ဆိုတဲ့ ယုံကြည်တဲ့ သဿတ၀ါဒစွဲ။ ဒီဘ၀တဏှာကို မရပ်သမျှ မချုပ်သမျှ ဘယ်တော့မှ သံသရာ စက်ရဟတ် အမြစ်မကျွတ်ဘူးတဲ့။ ၀ိဘ၀တဏှာဆိုတာက ဘ၀ပြတ်တယ်ဆိုတဲ့ အယူဝါဒနှစ်သက်တဲ့ ဥစ္ဆေဒဒိဋ္ဌိ။ ဘ၀တဏှာ ပယ်ရမယ်လို့  ဗုဒ္ဓကိုယ်တော်မြတ် တိုက်ရိုက်ညွန်ကြားထားတယ်။ ဒါဖြင့် ၀ိဘ၀တဏှာကကောင်းသလားဆိုတော့ ၀ိဘ၀တဏှာက ဘ၀တဏှာ ရှိထားတဲ့ ပုဂ္ဂိုလ်မှာ ၀ိဘ၀တဏှာ နိဂိုတည်းကမရှိပါဘူး။ မရှိရင် ပယ်စရာမလိုပါဘူး။ ဒါဖြင့် ကာမတဏှာရောဆိုတော့ ကာမတဏှာက ဘ၀ကို ဖြစ်စေတတ်တယ်ဆိုတဲ့ ဘ၀ရေသောက်မြစ် သံသရာ့ ရေသောက်မြတ်မဟုတ်ပါဘူးတဲ့နော်။ ကာမတဏှာကြောင့် ပင်ပန်းဆင်းရဲဒုက္ခခံနေရပုံများကို ဗုဒ္ဓဟောကြားတော်မူခဲ့ပါတယ်။ ကဲ့ရဲ့ တော်မူပါတယ်။ ဒီ ကာမတဏှာကို ကောင်းတယ်လို့ မဆိုလိုပါ။ မိမိတို့ အရင်ဆုံးပတ်သတ်အပ်တယ်ဆိုတဲ့ ဘ၀တဏှာကို ပတ်သတ်နိင်စေခြင်းသာရည်ရွယ်ပါသည်။ ထို့ ကြောင့် အောက်မဂ်အောက်ဖိုလ်ရပြီးသော သောတာပန် အရိယာပုဂ္ဂိုလ်များသည် အိမ်ကြိုအိမ်ကြားမှာပင်ရှိနေပါသေးသည်။ ၀ိပဿနာတရားဆိုတာ ဥာဏ်အလုပ်ဖြစ်ပါတယ်။ ဒါကြောင့် ဗုဒ္ဓကိုယ်တော်မြတ် တရားတော် တစ်ပုဒ် တစ်ဂါထာလေးနာရရုံနှင့် မဂ်ဥာဏ် ဖိုလ်ဥာဏ် ရရှိသွားသော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်များဟာ အတိတ်က ဖြည့်ကျင့်ခဲ့တဲ့ပါရမီ ဥာဏ်ကဣနြေ္ဒများ ရင့်ကျက်နေခြင်း၏ အကျိုးများလည်းဖြစ်​​ပေသည်​။

0 comments:

Post a Comment

ဤBlogကသင့်အတွက်အကျိုးရှိစေပါသလား
ရှိပါတယ်
မရှိပါ