စွယ်စုံမြို့တော်သို့ လာရောက်လည်ပတ်သောသူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။

Thursday, January 19, 2017

အသက်မွေးပညာနဲ့အသိမွေးပညာ အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)


အသက်မွေးပညာနဲ့အသိမွေးပညာ
~~~~~~~~~~~~~~~~~
အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)
Q. မိဘတွေအနေနဲ့ ကိုယ့်ရဲ့သားသမီးတွေကို ပညာနဲ့ပတ်သက်ပြီး ဘယ်လိုမျိုးဆုံးမသွန်သင်သင့်ပါသလဲဘုရား။
A. ပညာဆိုတာမှာ အသက်မွေးပညာနဲ့ အသိမွေးပညာ နှစ်မျိုးရှိတယ်။ စီးပွားရှာတဲ့အလုပ်နဲ့ ပတ်သက်တဲ့ပညာက အသက်မွေးပညာပေါ့။ ကိုယ့်အသက်လေး မွေးမြူဖို့အတွက် ပညာလေ။ အသိမွေးပညာဆိုတာ အသိအလိမ္မာ၊ စိတ်ကောင်းနှလုံးကောင်းကို မွေးမြူနိုင်တဲ့ ပညာကို ပြောတာပါ။
အသက်မွေးပညာ တတ်ကျွမ်းမှသာလျှင် ဘ၀ရဲ့လိုအပ်ချက်ကို တည်ဆောက်နိုင်မယ်။ စားဝတ်နေရေး အဆင်ပြေမယ်။ ငွေရှာရတာ လွယ်ကူမယ်။ ဘ၀မှာ အထက်တန်းကျကျနေရမယ်။ အသိမွေးပညာ ပြည့်စုံမှသာလျှင် ဘ၀ရဲ့အခက်အခဲတွေကို ရင်ဆိုင်နိုင်တဲ့ အစွမ်းသတ္တိရှိမယ်။ ကြုံလာရတဲ့ လောကဓံတွေကို ခံနိုင်ရည်ရှိမယ်။ စိတ်ဓာတ်ခိုင်မာမယ်။ စိတ်ကောင်းနှလုံးကောင်း ထားနိုင်မယ်။ ကိုယ်ချင်းစာတရားတွေ ရှိမယ်။ မျှဝေခံစားနိုင်စွမ်းတွေရှိမယ်။ သူတစ်ပါးကို ကူညီထောက်ပံ့ပေးချင်စိတ်တွေ ရှိမယ်။ စိတ်နေစိတ်ထား ကြီးကျယ်မြင့်မြတ်တဲ့သူဖြစ်မယ်။ အဲဒီတော့ အသက်မွေးပညာရော၊ အသိမွေးပညာရော ပညာနှစ်မျိုးစလုံးရဲ့ အကျိုးတရားတွေကို မိဘက သားသမီးကို နားလည်အောင် ပြောပြပေးဖို့ လိုတယ်။
မိဘဆိုတာ လက်ဦးဆရာဆိုတဲ့အတိုင်း မိဘတွေရဲ့ အပြောအဆို၊ အပြုအမူတွေကို ကြည့်ပြီးတော့ သားသမီးက အတုခိုးတတ်တာဆိုတော့ မိဘကိုယ်တိုင်ကလည်းပဲ စံပြဖြစ်အောင် နေဖို့လိုတာပေါ့။ အတတ်ပညာနဲ့ ပတ်သက်ရင်လည်း ပညာရပ်တစ်ခုခုကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်အောင် လုပ်ပြီးတော့ စားဝတ်နေရေးအတွက် အဆင်ပြေအောင် လုပ်ဆောင်ရမယ်။ မိဘကိုယ်တိုင်က အပျင်းထူပြီးတော့ ဘာအတတ်ပညာမှ မတတ်ဘူး၊ ဘယ်အလုပ်မှ လက်ကြောတင်းအောင် မလုပ်ဘူးဆိုရင် သားသမီးကလည်း အသက်မွေးပညာ သင်ချင်စိတ် ရှိမှာမဟုတ်ဘူး။ အသိမွေးပညာအနေနဲ့လည်း မိဘက လက်တွေ့စံနမူနာ ဖြစ်ရမှာပေါ့။ သားသမီးရှေ့ မှာ မိဘနှစ်ယောက်က အော်ဟစ်ဆဲဆိုပြီးတော့ ရန်ဖြစ်နေမယ်ဆိုရင် သားသမီးက သြော်၊ လူဆိုတာ ဒီလိုရန်ဖြစ်ရတာပါလားဆိုတာ သင်ယူသွားလိမ့်မယ်။ ကလေးဆိုတာ အမြဲတမ်း သင်ယူနေတာလေ။ ဒါကြောင့် မိဘတွေကိုယ်တိုင်က သားသမီးရဲ့ရှေ့မှာ အပြောအဆို၊ အပြုအမူလေးတွေကအစ စံနမူနာဖြစ်အောင် နေထိုင်ဖို့လိုအပ်တယ်။
ဟိုးရှေးခေတ်ကလို ကလေးတွေကို အိပ်ရာဝင်ပုံပြင်ပြောတဲ့ အလေ့အထကလည်း ကလေးတွေရဲ့ အသိဉာဏ်ပညာ တိုးတက်ဖို့အတွက် အရမ်းအရေးကြီးပါတယ်။ ဒါကြောင့် မိဘတွေကိုယ်တိုင်က ကလေးငယ်လေးတွေကို ပုံပြင်လေးတွေ ဖတ်ပြဖို့လိုပါတယ်။ ငါးရာ့ငါးဆယ်ပုံပြင်တွေ၊ ဇာတ်တော်ကြီးဆယ်ဘွဲ့တွေ၊ နောက်လူတွေ တီထွင်ပြီးရေးထားတဲ့ ပုံပြင်တွေ စသည်အားဖြင့်ပေါ့။ ပုံပြင်တိုင်းမှာ အကျိုးပြု ရည်ရွယ်ချက်တစ်ခုခု၊ သင်ခန်းစာတစ်ခုခုတော့ ပါကြတာချည်းပါပဲ။ ကိုယ့်သားသမီးတွေ စိတ်ကောင်းနှလုံးကောင်းရှိဖို့၊ လိမ္မာယဉ်ကျေးဖို့၊ အသိတရားရှိတဲ့သူ၊ အရာရာမှာ ဆင်ခြင်တုံတရားနဲ့ ပြောဆိုပြုမူတတ်တဲ့သူဖြစ်ဖို့ဆိုတာ သူတို့ငယ်စဉ်က အိပ်ရာဝင်ပုံပြင်တွေရဲ့ အစွမ်းသတ္တိတွေ အများကြီး ပါပါတယ်။
ကလေးတွေ စာဖတ်နိုင်တဲ့အရွယ်ရောက်လာရင်လည်း မိဘတွေက စာအုပ်ဝယ်ပေးဖို့ မနှမြောသင့်ဘူး။ ရွှေသွေး၊ တေဇ၊ တို့ကျောင်းသား၊ မိုးသောက်ပန်းကစပြီး သတင်းစာတွေ၊ မဂ္ဂဇင်းတွေ၊ စာအုပ်တွေ ၀ယ်ပေးသင့်တယ်။ ၀ယ်ပေးပြီးတော့ သားသမီးတွေကို ဖတ်ခိုင်းရမယ်။ ဖတ်ပြီးရင်လည်း ဘယ်လောက်မှတ်မိလဲ ပြန်ပြောပြခိုင်းရမယ်။ တကယ်ဖတ်ဖြစ်သွားအောင်ပေါ့။ ကလေးက တကယ်ဖတ်တယ်၊ ကောင်းကောင်းလည်း ပြန်ပြောပြနိုင်တယ်ဆိုရင် သူ့ရဲ့ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ဆုချရမယ်။ ကလေးဆိုတာ သူ့ကို ဆုချတယ်ဆိုရင် တန်ဖိုးထားတယ်။ အဲဒီလိုမျိုးလေးတွေ လုပ်ပေးတယ်ဆိုရင် ပညာရဲ့ တန်ဖိုးကို ကလေးကိုယ်တိုင်လည်း နားလည်လာမယ်၊ ပညာဆည်းပူးချင်တဲ့စိတ်တွေလည်း အမြဲတမ်းဖြစ်လာမယ်။
(Eternal Light မဂ္ဂဇင်း၊ စက်တင်ဘာ၊ ၂၀၁၆ တွင် ဖော်ပြခဲ့သည့် " ဆရာတော်အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ) မိန့်ကြားတော်မူသော ပညာနှင့်အတွေးအခေါ် "အင်တာဗျူးဆောင်းပါးမှ ကောက်နုတ်ဖော်ပြသည်။ လွတ်လပ်စွာ Share နိုင်ပါသည်။)
ဓာတ်ပုံ - နေခြည်
Eternal Light Magazine
မေတ္တာဖြင့် ဓမ္မစကူးလ်ဆုံရာ






ဤPostကိုသဘောကျပါသလား

သဘောမကျပါ
သဘောကျပါတယ်


0 comments:

Post a Comment

ဤBlogကသင့်အတွက်အကျိုးရှိစေပါသလား
ရှိပါတယ်
မရှိပါ