စွယ်စုံမြို့တော်သို့ လာရောက်လည်ပတ်သောသူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။

Monday, February 6, 2017

ဗုဒ္ဓဘွဲ့တော်အပြည့်အစုံ

ဗုဒ္ဓဘွဲ့တော်ဟာ အနွယ်တစ်ခုရဲ့ ဘွဲ့ အမည် အများဆိုင် ဘွဲ့ အမည်တစ်ခုဖြစ်ပြီး သစ္စာလေးပါးကို ထိုးထွင်းသိမြင်သူ (န မာတရာ ကတံ၊ န ပိတရာ ကတံ၊ ၀ိမောက္ခ န္တိကံ ဧတံ ဗုဒ္ဓါနံ ဘဂ၀န္တာ နံ ဗောဓိယာမူလေ ... ပညတ္တိ MNid.458; Ps.i.174) သစ္စာလေးပါးတရားဉာဏ်တော်ဖြင့် လူ၊ နတ်နှင့်တကွ သတ္တလောကသားအားလုံးထက်မြတ်သော ပုဂ္ဂိုလ် တို့ကို ခေါ်ဝေါ်ပညတ်အပ်တဲ့ ဘွဲ့အမည်ဖြစ်တယ်။

ပိဋကတ်တော်မှာ ‘‘ဗုဒ္ဓ’’ ဘွဲ့အမည် ခံယူထိုက်တဲ့ ပုဂ္ဂိုလ်နှစ်ဦးကို ဖော်ပြထားတယ်။

၁။ ပစ္စေကဗုဒ္ဓါ = သစ္စာလေးပါးကို ကိုယ်ပိုင်ဉာဏ်နဲ့ ထိုးထွင်းသိမြင်တော်မူပေမဲ့ အခြားတပါး သတ္တ၀ါတွေ ကို သံသရာက ထွက် မြောက်ကြောင်းတရား မဟောကြားနိုင်တဲ့ ‘‘ဗုဒ္ဓ’’ ဘွဲ့ခံ၊ ပစ္စေကဗုဒ္ဓါ အရှင်သူမြတ်။

၂။ သမ္မာသမ္ဗုဒ္ဓ = တရားဓမ္မနဲ့ ပတ်သက်ပြီး သိသင့်သိထိုက်သမျှအားလုံးကို ကိုယ်ပိုင်ဉာဏ် နဲ့ ကောင်းစွာပိုင်ပိုင် သိမြင်တော်မူပြီး သတ္တ၀ါတွေ အတွက် နိဗ္ဗာန်လမ်း ခရီးကို ဟောကြားပြသပေးနိုင်တဲ့ ‘‘ဗုဒ္ဓ’’ ဘွဲ့ခံ သမ္မာသမ္ဗုဒ္ဓဘုရားရှင်။ (သတ္ထာရော)

သို့သော်လည်း အဖွင့်ကျမ်းတွေမှာတော့ ‘‘ဗုဒ္ဓ’’ ဘွဲ့တော် ခံယူထိုက်သူ ပုဂ္ဂိုလ်လေးမျိုးကို ဖော်ပြထားတယ်။ (e.g. SA.i.20; AA..i.65)

၁။ သဗ္ဗညု ဗုဒ္ဓ
၂။ ပစ္စေက ဗုဒ္ဓ
၃။ စတုသစ္စ ဗုဒ္ဓ
၎။ သုတ ဗုဒ္ဓ

ရဟန္တာပုဂ္ဂိုလ် အရှင်သူမြတ်အားလုံး (ခီဏာသ၀ါ) ဟာ ‘‘စတုသစ္စဗုဒ္ဓ” ဘွဲ့တော် ခံယူတော်မူထိုက်ပြီး၊ ပိဋကတ်တော်တွေကို ဆောင်ထားတဲ့ တရားဓမ္မကျမ်းဂန်တွေကို ကျွမ်းကျင်နှံ့စပ်သူ ပုဂ္ဂိုလ်မြတ်တွေ ကတော့ ‘‘သုတဗုဒ္ဓ’’ ဘွဲ့တော် ခံယူတော် မူထိုက်တယ်။ ပစ္စေကဗုဒ္ဓါ အရှင်သူမြတ်တွေကတော့ ပါရမီတော် ဆယ်ပါးကို ‘‘နှစ် အသင်္ချေ ကမ္ဘာတစ်သိန်းကာလ ဖြည့်ကျင့်ဆည်းတော် မူခဲ့ပြီး ဒီဘွဲ့တော်ကို ခံယူတော် မူနိုင်တာဖြစ်ပြီး သဗ္ဗညု ဗုဒ္ဓ မြတ်စွာဘုရားတို့ကတော့ ပါရမီတော်တွေကို ‘‘လေး သို့မဟုတ် ရှစ် သို့မဟုတ် တစ်ဆယ့်ခြောက် အသင်္ချေ ကမ္ဘာတစ်သိန်းကာလ ပတ်လုံး ပါရမီတော်တွေကို ဖြည့်ကျင့် ဆည်းပူးတော် ခဲ့ကြပြီး ‘‘သဗ္ဗညု ’’ ဘွဲ့တော် ခံယူတော်မူထိုက်ပါတယ်။

အစောပိုင်းကျမ်းဂန်တွေမှာ ‘‘သဗ္ဗညုဗုဒ္ဓ’’ မြတ်စွာ (၇) ပါးရဲ့ ဘွဲ့တော်တွေကို ဖော်ပြထားတယ်။

၁။ ၀ိပဿီ မြတ်စွာဘုရား
၂။ သိခီ မြတ်စွာဘုရား
၃။ ဝေဿဘူ မြတ်စွာဘုရား
၎။ ကကုသန္ဓ မြတ်စွာဘုရား
၅။ ကောဏာဂမဏ မြတ်စွာဘုရား
၆။ ကဿပ မြတ်စွာဘုရား
၇။ ဂေါတမ မြတ်စွာဘုရား

ခုနှစ်ဆူသော ဘုရားရှင်တို့ရဲ့ ဘွဲ့တော် ရည်ညွှန်းချက်တွေကို ပိဋကတ်တော်ရဲ့ အောက်ပါနေရာများ မှာတွေ့နိုင်တယ်။ (D.ii.5f.; S.ii.5f.; cp. Thag.491; J.ii.147; Vin.ii.110)

နောက်ပိုင်း ကျမ်းဂန်တွေမှာတော့ အရေအတွက်ပိုမိုများပြားတဲ့ ဘုရားရှင်တွေရဲ့ ဘွဲ့အမည်တွေကို တွေ့ကြရတယ်။ ‘‘ဗုဒ္ဓ၀ံသကျမ်း’’ မှာ နောက်ဆုံးပွင့်တော်မူတဲ့ ‘‘ဂေါမတဗုဒ္ဓမြတ်စွာ’’ အပါအ၀င် ဘုရားရှင် (၂၅) ဆူရဲ့ အသေးစိတ် အချက်လက်တွေ ဖော်ပြပါရှိပြီး ရှေး ဘုရားရှင် (၂၄) ဆူဟာ ဂေါတမဗုဒ္ဓမြတ်စွာ လောင်းလျာ ဗျာဒိတ်ခံယူခဲ့တဲ့ ဘုရားရှင်တွေ ဖြစ်တယ်။ ၀ိပဿီ အစရှိတဲ့ ဘုရားရှင်တွေ မတိုင်မှီ ပွင့်တော်မူခဲ့တဲ့ ဘုရားရှင်တွေရဲ့ ဘွဲ့တော်တွေကတော့ -
၁။ ဒီပင်္ကရာ
၂။ ကောဏ္ဍည
၃။ မင်္ဂလ
၎။ သုမန
၅။ ရေ၀တ
၆။ သောဘိတ
၇။ အနောမဒဿီ
၈။ ပဒုမ
၉။ နာရဒ
၁၀။ ပဒုမုတ္တရ
၁၁။ သုမေဓ
၁၂။ သုဇာတ
၁၃။ ပီယဒဿီ
၁၄။ အတ္ထဒဿီ
၁၅။ ဓမ္မဒဿီ
၁၆။ သိဒ္ဓတ္ထ
၁၇။ တိဿ
၁၈။ ဖုဿ - တို့ဖြစ်တယ်။

ဒီ ဘုရားရှင် (၁၈) ဆူ မှာ စောစောက ဘုရား (၇) ဆူအနက် ပေါင်းလိုက်တဲ့ အခါ ဘုရား (၂၅) ဆူဖြစ် ပါတယ်။ အဲဒီ ကျမ်းဂန် ရဲ့နောက်ပိုင်းမှာဘဲ ‘‘ဒီပင်္ကရာ မြတ်စွာဘုရား’’ မတိုင်မှီ ပွင့်ထွန်းတော်မူခဲ့တဲ့ အခြား ဘုရားရှင် (၃) ဆူရဲ့ ဘွဲ့တော်တွေကို ထပ်မံ ပြဆိုထားတယ်။ အဲဒီ ဘုရားရှင်တွေကတော့ ‘‘တဏှင်္ကရာ၊ မေဓင်္ကရာ၊ သရဏင်္ကရာ’’ မြတ်စွာဘုရားတို့ဖြစ်တယ်။ ဒါ ကြောင့် ဘုရားရှင် စုစုပေါင်း နှစ်ကျိပ်ရှစ်ဆူ ၊ (၂၈) ဆူ ရဲ့ ဘွဲ့တော်တွေကို အဲဒီကျမ်းဂန်မှာ တွေ့ကြရတယ်။

‘‘လလိတ၀ိသ်တရ’’ ကျမ်းမှာ ဘုရားရှင်ပေါင်း (၅၄) ဆူရဲ့ ဘွဲ့တော်တွေကို တွေ့ကြရပြီး ‘‘မဟာဝတ္ထု’’ မှာတော့ ဘုရားရှင်ပေါင်း တစ်ရာကျော်ရဲ့ ဘွဲ့တော်တွေကို တွေ့ရပါတယ်။ ‘‘စက္က၀တ္တိ သီဟနာဒသုတ်’’ (D.iii.75ff ) မှာ ဘဒ္ဒကမ္ဘာရဲ့ နောက်ဆုံးပွင့် ထွန်းတော်မူမဲ့ ‘‘မေတ္တေယျ ဗုဒ္ဓ’’ မြတ်စွာဘုရားနဲ့ ပတ်သက်ပြီး အသေးစိတ် အချက်အလက်တွေကို ဖော်ပြထားတယ်။ ‘‘အနာဂတ၀ံသကျမ်း’’ မှာတော့ မေတ္တေယျ ဘုရားရှင်နဲ့ ပတ်သက်ပြီး အကျယ်တ၀င့် ရေးသားထားတယ်။ အဲဒီ ကျမ်းဂန်ရဲ့ နောက်ပိုင်း မှာ ဂေါတမဗုဒ္ဓမြတ်စွာနဲ့တွေ့ဆုံခဲ့ရပြီး မြတ်စွာဘုရားက ဘုရားအလောင်းတော်များအဖြစ် ဗျာဒိတ်ထားတော်မူခဲ့တယ် လို့ ဆိုထားတဲ့ ဘုရားအလောင်းတော် ဆယ်ဦးကိုဖော်ပြ ထားတယ်။ အဲဒီ ဘုရားအလောင်းတော်တွေ ကတော့ ‘‘မေတ္တေယျ၊ ဥတ္တမ၊ ရာမ၊ ပသနဒီ ကောသလ၊ အဘိဘူ၊ ဒီဃသောနီ၊ သံကစ္စ၊ သုဘ၊ တောဒေယျ နဲ့ နာလာဂိရိ ပလလေယျ’’ တို့ဖြစ်တယ်။

ဒီဃနိကာယ်၊ မဟာပဒါနသုတ်မှာတော့ ဆိုခဲ့ပြီးတဲ့ ခုနှစ်ဆူသော ဘုရားရှင်တို့ရဲ့ ဘွဲ့တော်တွေကို ဖော်ပြထားပြီး ဘုရားတစ်ဆူ ချင်းရဲ့ အသေးစိတ်အချက်လက်တွေကို ခေါင်းစဉ် (၁၁) ခု (ပရိစ္ဆေဒ) ခွဲခြား ဖော်ပြထားတယ်။ အဲဒီ ခေါင်းစဉ်တွေကတော့ ‘‘ကပ္ပ’’ ဘုရားရှင်တို့ ပွင့်ထွန်းတော်မူခဲ့ရာ ကမ္ဘာ အရေအတွက်၊ ‘‘ဇာတိ’’ အမျိုး၊ ‘‘ဂေါတ္တ’’ အနွယ်၊ ‘‘အာယု’’ သက်တော်၊ ‘‘ဗောဓိ’’ သမ္မာသမ္ဗောဓိဉာဏ်ရရှိတော်မူစဉ် အမှီပြုရာ ဗောဓိပင်အမည်၊ ‘‘သာဝကယုဂ’’ အဂ္ဂသာဝက နှစ်ပါးတို့ရဲ့ ဘွဲ့တော်၊ ‘‘သာဝက သန္နိပါတ’’ ရဟန္တာတို့ချည်းပါဝင်သော သာဝက အစည်းအဝေးကြီး၊ ‘‘ဥပဋ္ဌာကဘိက္ခု’’ အလုပ်အကျွေးရဟန်းတော်၊ မယ်တော်၊ ခမည်းတော်တို့ရဲ့ အမည်နာမများနဲ့ ဖွားတော်မူရာ အရပ်ဒေသ တို့ဖြစ်တယ်။ အဋ္ဌကထာမှာတော့ အဲဒီ အချက်လက်တွေ အပြင် ဘုရားအလောင်းတော် အသီးသီးရဲ့ တောထွက်တော် မမူစဉ်က သားတော်နဲ့ ကြင်ယာတော်အမည်၊ တောထွက်တော် မူစဉ် စီးနင်းတော်မူတဲ့ ယဉ်(ယာန)၊ ဘုရားရှင်တို့သီတင်းသုံးရာ ဂန္ဓကုဋိ ရှိတော်မူတဲ့ ကျောင်းတိုက်ရဲ့ အမည်၊ အဲဒီ ကျောင်း တိုက်ရဲ့ တန်ဖိုးနဲ့ နေရာ၊ ဘုရားရှင် အသီးသီးကို အမြဲမပြတ် လှူဒါန်းတဲ့ အကြီးကျယ်ဆုံး အလှူဒါယကာရဲ့ အမည် တို့ကိုပါ ဖော်ပြထားတယ်။ ဂေါတမဗုဒ္ဓ မြတ်စွာ အကြောင်းဖွင့်ဆိုတဲ့ နေရာမှာတော့ ‘‘ရာဟုလာမာတာ၊ အာနန္ဒာ၊ ကဏ္ဋက စီးတော်မြင်း
၊ ရွှေအိုးကြီးလေးလုံး၊ မဟာဗောဓိနဲ့ ကာဠုဒါယီ အမတ်’’ အစရှိတဲ့ ဖွားဘက်တော်တွေကိုလည်း ဖော်ပြထားတယ်။ ဂေါတမဗုဒ္ဓ မြတ်စွာ လောင်းလျာဟာ ဥတ္တရာသာဠှ နက္ခတ်နဲ့ ယှဉ်လျက် ၀ါဆိုလပြည့်နေ့မှာ ပဋိသန္ဓေနေတော်မူကြောင်းကိုလည်း ရေးသားထားတယ်။ အဲဒီနက္ခတ်မှာဘဲ အလောင်းတော်ဟာ တောထွက်တော်မူခဲ့ပြီး ဘုရားဖြစ်တော်မူတဲ့အခါ တရားဦး ဟောကြားတော်မူခဲ့တယ်။ ယမကပါဋိဟာရိယ ရေအစုံ၊ မီးအစုံ တန်ခိုးတော်ကိုလည်း အဲဒီ နက္ခတ်ယှဉ်ရာ အခါကာလမှာဘဲ ပြတော်မူခဲ့တယ်။ ၀ိသာခါ နက္ခတ် ယှဉ်ရာကာလ (ကဆုန်လပြည့်) မှာတော့ အလောင်းတော်ဖွားတော်မူခဲ့ကြောင်း၊ ဘုရားအဖြစ်ရောက်တော်မူခဲ့ကြောင်း နဲ့ ပရိနိဗ္ဗာန်စံဝင် တော်မူကြောင်း ပြဆိုထားတယ်။ မာဃ နက္ခတ်နဲ့ ယှဉ်ရာကာလ (တပို့တွဲလပြည့်နေ့) အခါကာလ မှာ တပည့်သာဝက ရဟန်း သံဃာတော်တွေကို စုဝေးစေပြီး ပရိနိဗ္ဗာန်စံတော်မူမည့် အကြောင်း မိန့်ကြားတော်မူခဲ့တယ်။ ပြီးတော့ အဿယုဇ နက္ခတ်နှင့် ယှဉ်ချိန်၊ သီတင်းကျွတ်လပြည့်နေ့ အခါမှာတော့ တုသိတာနတ်ပြည်က ဆင်းကြွတော်မူကြောင်းကိုလည်း ရေးသားထားတယ်။

ဗုဒ္ဓ၀ံသ အဋ္ဌကထာကျမ်းမှာတော့ ဘုရားတစ်ဆူချင်းစီနဲ့ ပတ်သက်ပြီး ခေါင်းစဉ်အပိုင်းအခြား နှစ်ဆယ်ကို ဗုဒ္ဓ၀ံသကျမ်းမှာရေး သားပါရှိတယ်လို့ ညွှန်းဆိုထားပါတယ်။ အဲဒီခေါင်းစဉ်နှစ်ဆယ်ဟာ တရားဦးနဲ့ ပတ်သက်ပြီး အသေးစိတ်အချက်လက်တွေ၊ သာဝကသန္နိပါတတစ်ခုစီမှာ သစ္စာလေးပါးကို ထိုးထွင်းသိမြင်သွားသူ အရေအတွက်၊ ဘိက္ခုနီ အဂ္ဂသာဝိကာမ ထေရီနှစ်ပါးတို့ ရဲ့ ဘွဲ့တော်များ၊ ဘုရားရှင်တို့ ကိုယ်တော်မှ ထွန်းလင်းသော ရောင်ခြည်တော်ပမာဏ၊ ဘုရားရှင်ရဲ့ အရပ်တော် ပမာဏ၊ ဂေါတမ မြတ်စွာဘုရား အလောင်းတော်ရဲ့ အမည်နာမ၊ ဗျာဒိတ်တော် ခံယူခြင်း၊ ပဓာန အလုပ် အားထုတ်တော်မူခြင်း၊ ဘုရားရှင် အသီးသီးတို့ရဲ့ ပရိနိဗ္ဗာန်စံဝင်တော်မူပုံ စတဲ့အချက်လက်တွေ ထပ်တိုးပါဝင်လာခြင်းဖြစ်တယ်။ ဒါ့အပြင် အလောင်းတော် ဘ၀နဲ့ လူ့ဘောင် မှာ နေထိုင်ခဲ့တဲ့ ကာလ၊ စံမြန်းတော်မူခဲ့တဲ့ နန်းဆောင်များ၊ အလုပ်အကျွေး မောင်းမတော်အရေအတွက်၊ ကြင်ယာတော်နဲ့ သားတော်ရဲ့ အမည်၊ တောထွက်တော်မူစဉ် စီးနင်းတော်မူတဲ့ ယဉ် အမျိုးအစားနဲ့ တောထွက်တော်မူခြင်း၊ ဒုက္ကရစရိယကျင့်တော်မူခြင်း၊ အလုပ်အကျွေး ဒါယကာများနဲ့ သီတင်းသုံးတော်မူရာ ကျောင်းတော် အမည်တို့ကိုလည်း ဖော်ပြ ပါရှိရမယ် လို့ အဲဒီ အဖွင့်ကျမ်းမှာဘဲ ဖွင့်ဆိုထားတယ်။

ဘုရားရှင် တစ်ဆူနဲ့ တစ်ဆူ မတူကွဲပြားတဲ့ အရာဌာန (အဋ္ဌဝေမတ္တာနိ) (၈) မျိုးရှိကြောင်းလည်းတွေ့ရ တယ်။ အဲဒီ ရှစ်မျိုး ကတော့ ဖွားတော်မူချိန် လူတို့ရဲ့ သက်တမ်း၊ ဘုရားရှင်တို့ရဲ့ အရပ်တော်၊ ဘုရားလောင်းတော်တို့ရဲ့ အမျိုးဇာတ်တော် (အချို့ အလောင်းတော်တွေဟာ ခတ္တိယမျိုးနွယ်ဖြစ်ပြီး အချို့ကတော့ ဗြာဟ္မဏမျိုးနွယ်ဖြစ်တယ်)၊ ဒုက္ကစရိယ ကျင့်တော်မူရာကာလ၊ ကိုယ်တော်မှ ထွန်းလင်းတော်မူတဲ့ ရောင်ခြည်တော် (မင်္ဂလ မြတ်စွာဘုရားရဲ့ ကိုယ်တော်က ရောင်ခြည်တော်ဟာ စကြာဝဠာ လောကဓာတ်တစ်သောင်းထိ ပြန့်နှံ့ပေမဲ့၊ ဂေါတမ မြတ်စွာဘုရားရဲ့ ကိုယ်ရောင်တော်ဟာ တစ်လံမျှလောက်သာရှိတယ် လို့ ဆိုတယ်၊ သို့ပေမဲ့ ဘုရားရှင်တိုင်းဟာ အလိုရှိတော်မူရင် ရောင်ခြည်တော် ပမာဏကို အလိုရှိတော်မူသလောက် ထွန်းလင်းနိုင် တယ်လို့ ဆိုတယ်။ ဒီ အကြောင်းတွေကို ဗုဒ္ဓ၀ံသ အဋ္ဌကထာမှာ ဖွင့်ဆိုထားတယ်)၊ တောထွက်တော်မူရာ ယဉ် အမျိုးအစား၊ ဗောဓိပင် အမျိုးအစား နဲ့ ဗောဓိပင်ခြေတော်ရင်းက ပလ္လင်တော်ရဲ့ အတိုင်းအတာ ပမာဏတို့ဖြစ်တယ်။

ဒီ ရှစ်မျိုးအနက် ပထမ (၅) မျိုးကိုသာ ဒီဃနိကာယ်အဋ္ဌကထာမှာ ဖော်ပြထားပြီး၊ ဗုဒ္ဓ၀ံသ အဋ္ဌကထာမှာတော့ ရှစ်မျိုးလုံးကိုဖော် ပြထားတယ်။ ပြီးတော့ ဘုရားရှင် (၂၅) ငါးဆူလုံးကို ဒီ ရှစ်မျိုးနဲ့ အသေးစိတ် ခွဲခြားဖော်ပြထားတယ်။

ဘုရားရှင်အားလုံးတို့ မစွန့်ရာ ဌာန (၄) ဌာန (အ၀ိဇဟိတဋ္ဌာနာနိ) ကိုလည်း ကျမ်းဂန်များမှာတွေ့ရတယ်။ အဲဒီ (၄) ဌာန ကတော့ -

၁။ ဗောဓိပင်နှင့် ပလ္လင်တော် နေရာ
၂။ တရားဦး ဟောကြားတော်မူရာ ဣသိပတန မိဂါဒါဝုန် ဥယျာဉ်နေရာ
၃။ တုသိတာ (တာဝတိံ?) နတ်ပြည်မှ သကဿနဂိုရ်ပြည်သို့ ဆင်းသက်တော်မူချိန်
ဘုရားရှင်တို့ ပထမဆုံး မြေသို့ ဆင်းသက်ရာနေရာ
၎။ ဇေတ၀န် ကျောင်းတိုက်၊ ဘုရားရှင်တို့ သီတင်းသုံးတော်မူရာ ဂန္ဓကုဋိတိုက်အတွင်းမှ ညောင်စောင်းတော်တည်ရှိရာနေရာ

ဘုရားရှင်တို့ သီတင်းသုံးတော်မူရာ ကျောင်းတိုက်နဲ့ အမှီပြုရာမြို့တော်ရဲ့ အကျယ်အ၀န်း ပမာဏဟာ အမျိုးမျိုးဖြစ်နိုင်ပေမဲ့ ဘုရားရှင်တို့ရဲ့ ညောင်စောင်းတော်ရှိရာ နေရာကတော့ ပမာဏမပြောင်းလဲဘူးလို့ ဆိုပါတယ်။ ဒီနေရာဟာ တခါတရံ ကျောင်း တိုက်ရဲ့ တောင်ဘက်မှာ ရှိပြီး၊ တခါတရံ မြောက်ဘက်မှာ ရှိတယ်လို့ ဆိုတယ်။ ဒီ အကြောင်းရာတွေကို ဒီဃနိကာယ် အဋ္ဌကထာနဲ့ ဗုဒ္ဓ၀ံသ အဋ္ဌကထာတို့ မှာ တွေ့နိုင်တယ်။

ဘုရားရှင်တိုင်း ဖြစ်မြဲ ဓမ္မာတာ တရား သုံးဆယ် (သမတိံသ၀ိဓာ ဓမ္မတာ)
========================================
၁။ ဘုရားအလောင်တော်တိုင်းသည် နောက်ဆုံး ဘ၀ ပဋိသန္ဓေယူတော်မူစဉ် ဉာဏ်နှင့်ယှဉ်လျက် ယူတော်မူခြင်း။
၂။မယ်တော်၏ ၀မ်းကြာတိုက်တွင် တင်ပလ္လင်ခွေလျက် အပြင်ဘက် မျက်နှာမူ၍ တည်တော်မူခြင်း။
၃။မယ်တော်သည် အလောင်းတော်အား ရပ်လျက်သာ ဖွားတော်မူခြင်း။
၎။ တောအရပ်၌သာ ဖွားတော်မူခြင်း (အရညေ)။
၅။ ဖွားတော်မူပြီးလျင်ပြီးချင်း မြောက်အရပ်သို့ ခုနှစ်လှမ်း ကြွလှမ်း၍ သီဟနာဒစကားမြွက်ကြားတော်မူခြင်း။
၆။ ကြင်ယာတော်မှ သားတော်တစ်ပါးဖွားတော်မူပြီးလျှင်နိမိတ်ကြီးလေးပါးကိုမြင်၍ တောထွက်တော်မူခြင်း။
၇။ တောထွက်တော်မူပြီးနောက် ဖန်ရည်စွန်းသင်္ကန်းဆင်မြန်းပြီးလျှင် ဒုက္ကရစရိယအကျင့်အား အနည်းဆုံး (၇) ရက်ကျင့်တော်မူခြင်း။
၈။ ဘုရားဖြစ်မည့်နေ့၌ နို့ဃနာဆွမ်းအား ဘုဉ်းပေးတော်မူခြင်း။
၉။ သဗ္ဗညုတဉာဏ်တော်အား မြက်ခင်း ပေါ်တွင်ထိုင်လျက်ရတော်မူခြင်း။
၁၀။ အာနာပါန ကမ္မဋ္ဌာန်း စီးဖြန်းတော်မူခြင်း။
၁၁။ မာန်နတ်၏ တပ်တို့အား အောင်တော်မူခြင်း။
၁၂။ ဗောဓိပင်၏ အောက်၌ သီတင်းသုံးလျက်သာ သဗ္ဗညုတဉာဏ်တော်ကိုရတော်မူ၍ ဘုရားအဖြစ်ရောက်တော်မူခြင်း။
၁၃။ မဟာဗြဟ္မာမင်းမှ တရားဟောကြားတော်မူရန် တောင်းပန်လျှောက်ထားခြင်း။
၁၄။ ဣသိပတန၊ မိဂါဒ၀ုန်ဥယျာဉ်၌ တရားဦးဟောတော်မူခြင်း။
၁၅။ တပို့လပြည့်နေ့တွင် ပရိသတ်လေးပါးတို့၌ ပါတိမောက်ပြတော်မူခြင်း။
၁၆/၁၇။ ဇေတ၀န်ကျောင်းတော်၌သာ အစဉ်တစိုက်သီတင်းသုံးတော်မူ၍ ယမက ပါဋိဟာရိယ တန်းခိုးပြာဋိဟာ အား သာဝတ္ထိပြည်၌ ပြတော်မူခြင်း။
၁၈။ အဘိဓမ္မာတရားတော်ကို တာဝတိံသာနတ်ပြည်၌သာ ဟောကြားတော်မူခြင်း။
၁၉။ အဘိဓမ္မာတရားဟောကြားတော်မူပြီး၍ လူပြည်သို့ ဆင်းကြွတော်မူသောအခါ သင်္ကဿ မြို့တံခါးဝ၌သာ
ဆင်းကြွတော်မူခြင်း။
၂၀။ ဖလသမာပတ်ဖြင့်သာ အမြဲမပြတ်နေတော်မူခြင်း။
၂၁။ ဈာန်သမာပတ်နှစ် မျိုးဝင်စားသောအခါ၌ ကျွတ်ထိုက်သော သတ္တ၀ါတို့အား ကြည့်ရူတော်မူခြင်း။
၂၂။ အပြစ်ကျုးလွန်သောသူ ပေါ်ပေါက်သောအခါမှာသာ ၀ိနည်းပညတ်တော်မူခြင်း။
၂၃။ လျောက်ပတ်သောအခါတို့၌ ဖြစ်တော်စဉ် ဇာတ်တော်တို့အား ဟောကြားတော်မူခြင်း။
၂၄။ ဗုဒ္ဓ၀င်ဖြစ်စဉ်တို့ကို ဆွေတော်မျိုးတော် ပရိသတ်၌ ဟောကြားတော်မူခြင်း။
၂၅။ ဖူးတွေ့ရန်လာသော တပည့်သာဝက ရဟန်းတော်တို့အား ပျုငှာစွာ နူတ်ဆက်တော်မူခြင်း။
၂၆။ ၀ါကပ်တော်မူသောနေရာတို့၌ ပင့်ဖိတ်သော ဒါယကာ၊ ဒါယိကာမတို့အား အသိပြောကြားခြင်းမပြုဘဲ
ဖဲကြွတော်မမူခြင်း။
၂၇/၂၈။ ဆွမ်းမဘုဉ်းပေးမှီနှင့် ဆွမ်းစားပြီးချိန်တွင်လည်းကောင်း၊ ညဥ့်သုံးယမ် တို့၌ လည်းကောင်း ဗုဒ္ဓကိစ္စတို့အား ဆောက်ရွက်တော်မူခြင်း။
၂၉။ ပရိနိဗ္ဗာန် ၀င်စံတော်မမူခင်တွင် အသားဟင်း (မံသရဇဘောဇန) အား ဘုဉ်းပေးတော်မူခြင်း။
၃၀။ ပရိနိဗ္ဗာန် ၀င်စံတော်မမူမှီကာလ၌ နှစ်ဆယ့်လေးကုဋေ၊ တစ်သိန်း အရေအတွက်ရှိသော သမာပတ်တော်အားဝင်စားတော်မူခြင်း။

ဘုရားရှင်တို့တွင် အန္တာရာယ် မပြုနိုင်သော အရာဌာန လေးပါး
==================================================
၁။ ဘုရားရှင်တို့အတွက် ရည်မှန်းထားသော ပစ္စည်းလေးပါးတို့အား မည်သူမှ အန္တာရာယ် မပြုနိုင်။
၂။ ဘုရားရှင်တို့၏ အသက်တော်အား မည်သူကမျှ အန္တာရာယ် မပြုနိုင်။
၃။ ဘုရားရှင်တော်၏ (၃၂) ပါးသော ယောကျာ်းမြတ်တို့၏ လက္ခဏာတော်တို့အားလည်းကောင်း၊
(၈၀) သော လက္ခဏာငယ်တို့အားလည်းကောင်း မည်သူကမျှ အန္တာရာယ် မပြုနိုင်။
၎။ ဘုရားရှင်တို့၏ ရောင်ခြည်တော်အား မည်သည့်အရာကမှ ပိတ်ပင်တားဆီးခြင်း မပြုနိုင်။

==================================================

ဇာတိခေတ် စကြ၀ဠာတိုက်တစ်သောင်းအတွင်း ယခု စကြာဝဠာမှာသာ ဘုရားပွင့်ပါတယ်။ (AA.i.251; DA.iii.897) တစ် ကြိမ်တစ်ခါမှာ ဘုရားတစ်ဆူသာပွင့်တော်မူတယ်။ (D.ii.225; D.iii.114)၊ ဒီ အကြောင်းရာနဲ့ပတ်သက်ပြီး အကြောင်းရင်း ရှင်း လင်းချက်တွေကို Mil. 236; DA.iii.900f တို့မှာတွေ့နိုင်တယ်။ ရှေးဘုရားရှင်တို့ရဲ့ သာသနာ လုံးဝ မကွယ်မချင်း နောက်ဘုရား တစ်ဆူ မပွင့်ပေါ်နိုင်ဘူး။ ဘုရားရှင်တို့ရဲ့ သာသနာဟာ ‘‘ဓာတုပရိနိဗ္ဗာန်’’ စံဝင်တော်မူခြင်းဖြင့် အပြီးတိုင်ကွယ်ပျောက်တယ် လို့ ဆိုပါတယ်။ ဘုရားအလောင်းတော်တစ်ဦး တုသိတာ နတ်ပြည်ကနေ စုတေပြီး မယ်တော်ရဲ့ ၀မ်းကြာတိုက်မှာ ပဋိသန္ဓေ ယူတော်မူတာနဲ့ တပြိုက်နက် စကြာဝဠာအနှံ့မှာ အံ့သြဖွယ်ကောင်းတဲ့ အလင်းရောင်ကြီးဖြစ်ပေါ်လာပြီး တစ်သောင်းသော စကြာဝဠာလောကဓာတ်ဟာ သိမ့်သိမ့်ခါအောင် တုန်လှုပ်တယ် လို့လည်း တွေ့ရပါတယ်။ ဒီလို ထူးခြားအံ့သြဖွယ်အလင်းရောင် ကြီးနဲ့ မြေတုန်လှုပ်မူဟာ ဘုရားအလောင်းတော် ဖွားတော်မူတဲ့အခါ၊ သဗ္ဗညုတဉာဏ်တော်ရတော် မူတဲ့အခါ၊ ဘုရားဖြစ်တော် မူပြီး ပထမဆုံး တရာဦးဟောကြားတော်မူတဲ့အခါ၊ ပရိနိဗ္ဗာန်ဝင်စံတော်မူမဲ့ အချိန်ကာလကို ထုတ်ဖော်မိန့်ကြားတော်မူတဲ့အခါ နဲ့ ပရိနိဗ္ဗာန်စံတော်မူတဲ့ အခါတို့မှာလည်း ဖြစ်ပေါ်မြဲ ဓမ္မတာဖြစ်တယ်လို့ ဆိုပါတယ်။ (D.ii.108f.; cp. DA.iii.897)

‘‘မဟာပဒါနသုတ်’’ (D.ii.12-15) နဲ့ ‘‘အစ္ဆရိယ အဗ္ဘုတဓမ္မသုတ်’’ (M.iii.119-124) တို့မှာ ဘုရားအလောင်းတော် ဖွားတော်မူစဉ် ဖြစ်ပေါ်တဲ့ အခြားအံ့သြဖွယ်ရာတွေကို တွေ့ကြရ တယ်။ နောက်ပိုင်းအဖွင့်ကျမ်းတွေမှာတော့ ဒီအကြောင်းရာတွေကို အသေးစိတ်ထပ်မံဖွင့်ဆိုထားကြတယ်။ (e.g., J.i.) အဲဒီကျမ်းဂန်တွေထဲမှာ ဘုရားအလောင်းတော်ဟာ ပါရမီတော်ဆယ်ပါး အပြားသုံးဆယ်တို့ကို ဖြည့်ကျင့်ဆည်းပူးတော်မူခဲ့တယ်။ စွန့်ခြင်းကြီးငါးပါးကို စွန့်တော်မူခဲ့တယ် (ပဉ္စမဟာပရိစ္စာဂ)။ ဆွေတော် မျိုးတော်တွေရဲ့အကျိုး၊ လောကအကျိုး၊ ဘုရားဖြစ်ခြင်း အကျိုး ဆိုတဲ့ အကျိုးသုံးပါးအတွက်လည်း ကျင့်တော်မူခဲ့တယ်။ ဝေဿ န္တရာမင်းကြီး ဘ၀မှာ ‘‘မဟာဒါန (၇)ပါး’’ ကို ပြုကျင့်တော်မူခဲ့လို့ မြေကြီး ခုနှစ်ကြိမ်၊ ခုနှစ်ခါ တုန်လှုပ်ခဲ့တယ်။ အဲဒီနောက် စုတေပြီး တုသိတာနတ်ပြည်မှာ နတ်သားဖြစ်တော်မူပါတယ်။ ‘‘၀ိပဿီ’’ မြတ်စွာဘုရား အလောင်းတော်နတ်သား ကတော့ တုသိတာနတ်ပြည်မှာ သက်တမ်းပြည့်အောင် နှစ်ပေါင်း ငါးဆယ့်ခုနှစ်ကုဋေ ခြောက်သောင်း၊ ခုနှစ်ထောင်ကာလပတ်လုံး နေတော်မူခဲ့ပေမဲ့ အခြား ဘုရားအလောင်းတော်နတ်သားအများစုဟာ နတ်သက်တမ်းပြည့်အောင် မနေကြောင်းတွေ့ရတယ်။ အလောင်းတော်နတ်သားအတွက် နတ်သက်တမ်းကုန်ဆုံးခါနီးမှာ စုတိနိမိတ် ငါးပါး ဖြစ်ပေါ်လာတယ်လို့ဆိုပါတယ်။ အဲဒီ အချိန်မှာ စကြာဝဠာတိုက်တစ်သောင်းက နတ်တွေဟာ အလောင်းတော်နတ်သားထံရောက်လာကြပြီး နတ်ဘ၀က စုတေဖို့ ၊ လူ ဘ၀ ပဋိသန္ဓေယူတော်မူပြီး ဘုရားဖြစ်တော်မူဖို့ တိုက်တွန်းတောင်းပန်ကြတယ်။ အဲလိုတောင်းပန်ကြတဲ့အခါ အလောင်း တော် နတ်သားဟာ ကြည့်ခြင်း ငါးပါးကို ကြည့်တော်မူတယ်။ (ပဉ္စမဟာဝိလောကနာနိ)
အချို့သော ကမ္ဘာတွေဟာ ဘုရားတစ်ဆူသာ ပွင့်တော်မူပြီး ‘‘သာရ’’ ကမ္ဘာလို့ခေါ်တယ်။ အချို့ကမ္ဘာတွေကတော့ ‘‘မဏ္ဍ’’ကမ္ဘာ လို့ခေါ်ပြီး ဘုရားနှစ်ဆူပွင့်တော်မူပါတယ်။ အချို့ကမ္ဘာတွေကို ‘‘၀ရ’’ ကမ္ဘာလို့ခေါ်ပြီး ဘုရားသုံးဆူပွင့်တော်မူတယ်။ ဘုရားလေးဆူပွင့်တဲ့ ကမ္ဘာတွေကိုတော့ ‘‘သာရမဏ္ဍ’’ ကမ္ဘာလို့ခေါ်ပြီး၊ အခဲယဉ်းဆုံးကတော့ ဘုရားငါးဆူပွင့်တော်မူတဲ့ “ဘဒ္ဒ ကမ္ဘာ’’ ဖြစ်ပါတယ်။ (BuA.158f) ကမ္ဘာဦးကာလ လူ့သက်တမ်း တစ်သိန်းကျော်မှာ ဘုရားမပွင့်ဘူး။ အဲဒီ သက်တမ်းမှာ လူ တွေဟာ အိုခြင်းတရား၊ သေခြင်းတရားနဲ့ ပတ်သက်ပြီး သံဝေဂ မ၀င်နိုင်ကြလို့ ဘုရားပွင့်တော်မူပြီး တရားဟောကြားလည်း တရားမရနိုင်ဘူးဆိုပါတယ်။ လူ့သက်တမ်း တိုလွန်းတဲ့ကာလမှာလည်း လူတွေဟာ ကိလေသာထူပြောပြီး တရားအသိရဖို့ မတတ်နိုင်တဲ့အတွက် ဘုရားမပွင့်ဘူးလို့ ဆိုတယ်။ ဒါကြောင့်မို့ ဘုရားပွင့်ရာကာလဟာ လူ့သက်တမ်း နှစ်တရာအောက်လည်း မလျော့၊ နှစ်တစ်သောင်းထက်လည်း မပိုတဲ့ ကာလဖြစ်တယ်။ ပထမဆုံး ဘုရားအလောင်းတော်ဟာ ဘုရားဖြစ်ရာ ကျွန်းဒေ သနဲ့ တိုင်းပြည်ကို ကြည့်တယ်။ ဘုရားရှင်တို့ဟာ ‘‘ဇမ္ဗူဒီပါကျွန်း’’ မှာဘဲပွင့်တော်မူကြပြီး၊ အဲဒီ ကျွန်းမှာလည်း ‘‘မဇ္ဈိမဒေသ’’ မှာသာပွင့်တော်မူကြတယ်။ အဲဒီနောက် အမျိုးအနွယ်ကိုကြည့်တော်မူပါတယ်။ ဘုရားရှင်တို့ဟာ ‘‘ဗြဟ္မာဏမျိုး’’ သို့မဟုတ် ‘‘ခတ္တိယ’’ မင်းမျိုးမှာသာ ဖွားတော်မူကြတယ်။ ဒီ မျိုးနွယ်နှစ်ခု အနက် ဖြစ်ရာခေတ်ကာလ လူတွေ ရိုသေကိုင်းရှိုင်းမှု၊ တန်ဖိုးထား မူပိုတဲ့ မျိုးနွယ်မှာ ဖွားတော်မူတာဖြစ်တယ်။ အဲဒီနောက် ဘုရားအလောင်းတော်ဟာ မယ်တော်ကို ကြည့်ပါတယ်။ ဘုရားအလောင်းတော်ရဲ့ မယ်တော်ဟာ ပညာရှိရမယ်၊ အကျင့်သီလဖြူစင်ပြီး စိတ်ထားမြင့်မြတ်ရမယ်။ ပြီးတော့ မယ်တော် ဟာ ဘုရားအလောင်းတော်ဖွားတော်မူပြီး ခုနှစ်ရက်ကာလ မှာ ကံတော်ကုန်ရမှာဖြစ် တယ် လို့ဆိုပါတယ်။

အလောင်းတော်နတ်သားဟာ ဆိုခဲ့ပြီးတဲ့ ကြည့်ခြင်းငါးပါးကို ကြည့်ရူတော်မူပြီး နန္ဒ၀န်ဥယျာဉ်တော်အတွင်းလှည့်လည်တယ်။ လှည့်လည်ရင်း နတ်သက်ကြွေတော်မူပြီး လူ့ပြည်မှာ သန္ဓေယူတော်မူတယ်။ အလောင်းတော်နတ်သားဟာ နတ်သက်ကြွေ တာကို သိတော်မူပေမဲ့ သူ့ရဲ့ စုတိစိတ်ကိုတော့ မသိနိုင်ဘူးလို့ဆိုပါတယ်။ ဘုရားအလောင်းတော်ဟာ ပဋိသန္ဓေယူတော်မူစဉ် မှာ သိလျက်နဲ့ ယူလေသလား၊ မယူသလား ဆိုတာနဲ့ ပတ်သက်ပြီး အဋ္ဌကထာဆရာတော်တွေ အယူအဆကွဲပြားကြဟန်တူ ပါတယ်။ ဘုရားအလောင်းတော် ပဋိသန္ဓေနေတော်မူတဲ့အခါ မယ်တော်စိတ်သဏ္ဌာန်မှာ ရာဂစိတ် အလျဉ်းမဖြစ်ပေါ်ဘူး။ ဘုရားအလောင်းတော် သန္ဓေယူတော်မမူမှီ ခုနှစ်ရက်ကတည်းက မယ်တော်ဟာ ဥပါသ်သီလစောင့်ထိန်းတယ် လို့ဆိုတယ်။ သို့ပေမဲ့ ကာမဂုဏ်စပ်ယှက်မူ မပါဘဲ ဖွားတော်မူတယ် ဆိုတာမျိုးကိုတော့ မတွေ့ကြရပါဘူး။

ဘုရားအလောင်းတော် ပဋိသန္ဓေယူတော်မူမဲ့ နေ့ဟာ ဥတ္တရာသဠ်နက္ခတ်ပွဲသဘင်ဆင်ယင်ကျင်းပလေ့ရှိတဲ့ ၀ါဆိုလပြည့်နေဖြစ် တဲ့အတွက် မယ်တော်ဟာ အမွှေးနံ့သာရေနဲ့ ရေးချိုးသုတ်သင်ပြီး မွန်မြတ်ဖွယ်ရာတဲ့အစားစာနဲ့ တည်ခင်းစားသောက်တယ်။ အဲဒီနောက် ဥပါသ်သီလခံယူဆောက်တည်ပြီး ကျက်သရေတိုက်ခန်းမှာ မှေးစက်တော်မူတယ်။ မယ်တော်မှေးစက်တော်မူစဉ် မှာ ထူးခြားတဲ့ အိပ်မက်ကို မြင်မက်ပါတယ်။ အိပ်မက်ထဲမှာ စတုမဟာရာဇ် နတ်မင်းကြီးလေးပါးဟာ မယ်တော်ကို အိပ်ယာ သလွန်တော်နဲ့ တကွ ဟိမ၀န္တာတောင်ပေါ် ဆောင်ကြဉ်းသွားပြီး နတ် မိဘုရားတွေကို မယ်တော်အား အနောဝတတ်ရေအိုင်မှာ ရေချိုးသပ္ပါယ်စေတယ်။ နတ်ဝတ်နတ်စားတွေကိုလည်း ဆင်မြန်းစေပြီး နတ်တို့ အမွှေးနံ့သာများနဲ့ နတ်ပန်းတွေကိုလည်း ဆင်မြန်းစေတယ်။ အဲဒီနောက် အနောဝတတ် ရေအိုင်နဲ့ မနီးမဝေးမှာရှိတဲ့ ငွေတောင်ကြီးအတွင်း က ရွှေဗိမာန်တော်မှာ အရှေ့အရပ်ဦးခေါင်းပြုပြီး အိပ်စက်စေတယ်။ အဲဒီ အချိန်မှာ ဘုရားအလောင်းတော်ဟာ ဆင်ဖြူတော်ကြီး အသွင်သဏ္ဌာန်နဲ့ မယ်တော်အိပ်စက်ရာ ရွှေ ဗိမာန်အခန်းထဲကို ၀င်ရောက်လာပြီး မယ်တော်ရဲ့ အိပ်ယာကို ညာဘက်ကနေ သုံးကြိမ် ပတ်တော်မူပါတယ်။ အဲဒီနောက် မယ် တော်ရဲ့ လက်က်ျာနံပါးကို နှာမောင်းတော်နဲ့ ခွဲဖောက်ဖွင့်လှပ်တော်မူပြီး မယ်တော်ဝမ်းတိုက်အတွင်းကို ၀င်ရောက်မူတယ်။ အိပ်ယာက နိုးလာတဲ့ အခါ အဲဒီ ထူးခြားတဲ့ အိပ်မက်နဲ့ပတ်သက်ပြီး မယ်တော်က ဘုရင်မင်းမြတ် ကိုပြောကြားတယ်။ အဲဒီ နောက် ပရောဟိတ်တွေကို အိပ်မက်ဖတ်ကြားခိုင်းတဲ့အခါ ဖွားတော်မူတဲ့ သားတော်ဟာ လောကမှာ တန်ခိုးစွမ်းအားကြီးတဲ့ ‘‘စကြာဝတေးမင်း’’ ဖြစ်လိမ့်မယ်။
သို့မဟုတ်ရင် လူ၊ နတ်နှင့်တကွ လောကသုံးပါးရဲ့ ဆရာသခင် ‘‘ဗုဒ္ဓ’’ ဖြစ်လိမ့်မယ် လို့ ဖတ်ကြားပါတယ်။
မယ်တော် ၀မ်းကြာတိုက်မှာ ဘုရားအလောင်းတော် တည်နေပုံ အခြေနေတွေနဲ့ ပတ်သက်ပြီး အထက်မှာ ညွှန်းဆိုခဲ့တဲ့သုတ် နှစ်သုတ်မှာ ဆက်လက်ဖော်ပြထားတယ်။ ဒါ့အပြင် ဘုရားအလောင်းတော်ဟာ မယ်တော်ရဲ့ သက်တမ်း သက်လတ်ပိုင်းအရွယ် ရဲ့ သုံးခုမြောက်အသက်အပိုင်းအခြားမှာ ဖွားတော်မူတယ် လို့လည်း ဆိုတယ်။ (DA.ii.437) အကြောင်းကတော့ အဲဒီ အသက် အပိုင်းအခြားဟာ မယ်တော်အတွက်ရော၊ ဘုရားအလောင်းတော်အတွက်ပါ လွယ်ကူသက်သာစွာ မွေးဖွားနိုင်မဲ့ အရွယ်ဖြစ်တဲ့ အတွက်လို့ ရှင်းပြထားပါတယ်။ ဘုရားအလောင်းတော်ဖွားတော်မူတဲ့အခါ အံ့သြဖွယ်ရာ အမျိုးမျိုးအထွေထွေ ဖြစ်ပေါ်ခဲ့တယ်။
အဖွင့်ကျမ်းတွေမှာတော့ အဲဒီသုတ်တော်တွေမှာ ပါရှိတဲ့ အံသြဖွယ်ရာတွေနဲ့ ပတ်သက်ပြီး အကျယ်တ၀င့်ဖွင့်ဆိုထားကြတယ်။ ဘုရားအလောင်းတော်ဟာ ဖွားတော်မူပြီးလျင်ပြီးချင်း ခိုင်မြဲစွာရပ်တော်မူပြီး မြောက်အရပ်ဆီကို ခြေလှမ်းတော် ခုနှစ်လှမ်း ကြွ ချီတော်မူတယ်။ ဒီလို ကြွချီတော်မူတဲ့ ဘုရားအလောင်းတော်ကို နတ်တွေက ထီဖြူမိုးထားတယ်။ ခြေခုနှစ်လှမ်းပြည့်တဲ့အခါ အလောင်းတော်မင်းသားကလေးဟာ အရပ်မျက်နှာအလုံးစုံကို ကြည့်ရူတော်မူတယ်။ ဒီလို ကြည့်ရူတော်မူလိုက်ပြီး ရဲရဲတောက် စကားတော်ကို မြွက်ကြား ကြုံးဝါးတော်မူပါတယ်။
‘‘ငါသည် လောကမှာ ထိပ်ဆုံးဖြစ်၏။
ငါသည် လောကမှာ အကြီးဆုံးဖြစ်၏။
ငါသည် လောကမှာ အမြတ်ဆုံးဖြစ်၏။
ယခု မွေးဖွားခြင်းသည် ငါ၏ နောက်ဆုံး မွေးဖွားရခြင်းဖြစ်၏။
ငါသည် နောက်ထပ် မွေးဖွားရန် ဘ၀သစ် မရှိတော့ပြီ’’

အဖွင့်ကျမ်းတွေမှာတော့ အံ့သြဖွယ်ဖြစ်တဲ့ ဘုရားအလောင်းတော်ရဲ့ ဒီလိုပြုမူပုံကိုသာမက အဲဒီ အပြုမူတစ်ခုစီက သင်္ကေတ ပြုဖော်ပြနေတယ် ဆိုတဲ့ အဓိပ္ပါယ်တွေကိုပါ ထပ်မံဖွင့်ဆိုထားတယ်။ e.g., DA.ii.439 ။ ဘုရားအလောင်းတော် မြေပြင်မှာ ခိုင် မြဲစွာ ရပ်တော်မူခြင်းဟာ ‘‘ဣဒ္ဓိပါဒလေးပါး’’ ကိုရရှိဖို့ ရှေးပြေးနိမိတ်ဖြစ်ပြီး၊ မြောက်အရပ်ကို တူရူ ကြွသွားတော်မူခြင်းကတော့ သတ္တ၀ါအားလုံးတို့အပေါ်မှာ လွှမ်းမိုးအုပ်စိုးနိုင်မဲ့ နိမိတ်ဖြစ်တယ်လို့ဆိုပါတယ်။ ပြီးတော့ ခြေလှမ်းခုနှစ်လှမ်းကြွသွားတော်မူ ခြင်းကတော့ ‘‘ဗောဇ္ဈင်တရားခုနှစ်ပါး’’ ကိုရဖို့ နိမိတ်ဖြစ်တယ်။ နတ်တွေရဲ့ ထီးဖြူမိုးပေးခြင်းကတော့ အရဟတ္တမဂ်ထီးဖြူတော် ကို ရဖို့ဖြစ်ပြီး အရပ်မျက်နှာအလုံးစုံကို ကြည့်ရူတော်မူခြင်းကတော့ တရားအလုံးစုံကို အပိတ်ပင်အတားဆီးမရှိ သိမြင်တော်မူ နိုင်မဲ့ ‘‘အနာဝရဏဉာဏ်တော်’’ ကို ရရှိပိုင်ဆိုင်မဲ့ အမှတ်နိမိတ်ဖြစ်တယ်။ ရဲရဲတောက် စကားတော်ကို မြွက်ကြားတော်မူခြင်း ကတော့ လောကမှာ ဗြဟ္မာ၊ နတ်၊ လူ ဘယ်သူမှ မမြစ်တားနိုင်တဲ့ တရားဓမ္မစက်တော်ကို လည်ပတ်စေမဲ့ လက္ခဏာဖြစ်ပါတယ်။ ယခု ဘ၀ဟာ နောက်ဆုံးမွေးဖွား ရခြင်းဖြစ်ကြောင်း ထုတ်ဖော်မြွက်ကြားခြင်းကတော့ ယခုဘ၀မှာပင် နိဗ္ဗာန်ကို မျက်မှောက်ပြု တော်မူပြီး နိဗ္ဗာန်စံဝင်တော်မူဖို့ ရှေးပြေးနိမိတ် ဖြစ်တယ်လို့ ရှင်းလင်းဖွင့်ဆိုထားတယ်။

ဘုရားအလောင်းတော် မြောက်အရပ်ဆီကို ခြေလှမ်းတော်ခုနှစ်လှမ်း လှမ်းတော်မူပုံနဲ့ ပတ်သက်ပြီး အစဉ်အဆက် မထေရ်မြတ် တွေ အယူဆ၊ အမြင်ကွဲပြားကြပုံရပါတယ်။ မြေပြင်ပေါ်မှာဘဲ ကြွချီတော်မူတာလား၊ လေထဲမှာဘဲ ကြွချီတော်မူတာလား။ လူ တွေက ဘုရားအလောင်းတော် ကို တွေ့မြင်ကြရသလား။ ဘုရားအလောင်းတော်မှာ ကိုယ်ဝတ်တော်ပါသလား။ ဘုရား အလောင်းတော်ဟာ မွေးကင်းစအရွယ်နဲ့လား၊ အရွယ်ရောက်ပြီး အရွယ်လား စသည်ဖြင့် အမေးထုတ်ကြတယ်။ ဒီမေးခွန်းတွေ နဲ့ ပတ်သက်ပြီး ‘‘တိပိဋကတ် စူဠာဘယ မထေရ်မြတ်ဟာ လောဟပါသာဒ ကျောင်းတော်မှာ တရားဟောကြားရင်း ဖြေရှင်းခဲ့ တယ် လို့ဆိုပါတယ်။ အဖြေကတော့ ဘုရားအလောင်းတော်ဟာ မြေပေါ်မှာသာ ကြွလှမ်းတော်မူတယ်။ သို့ပေမဲ့ ကြည့်ရှုရသူ တွေဟာ လေထဲမှာ ကြွလှမ်းတော်မူတယ် လို့ ထင်မြင်ကြရပါတယ်။

ပြီးတော့ ဘုရားအလောင်းတော်မှာ ကိုယ်ဝတ်မပါ ပါဘူး တဲ့။ သို့ပေမဲ့ တွေ့မြင်ကြရသူတွေကတော့ ဘုရားအလောင်းတော်ဟာ တင့်တယ်တောက်ပတဲ့ ကိုယ်ဝတ်တော်ကို ဆင်မြန်းထား တယ်လို့ ထင်မြင်ကြရပါတယ်။ ဒါ့အပြင် ဘုရားအလောင်းတော်ဟာ မွေးကင်းစအရွယ်သာဖြစ်ပါတယ်။ သို့သော်လည်းတွေ့ မြင်ကြရသူတွေကတော့ ဆယ့်ခြောက်နှစ်သားအရွယ်အဖြစ် ထင်မြင်ကြရတယ်။ နောက်တော့ အဲ ဒီ ရဲရဲတောက်စကားတော်ကို မြွက်ကြားတော်မူပြီးတဲ့အခါ ကြည့်ရှုရသူတွေဟာ မူလ မွေးကင်းစအရွယ် အဖြစ်နဲ့ ဘဲ ဘုရားအလောင်းတော်ကို တွေ့မြင်ကြ ရတယ်လို့ ဆိုပါတယ်။

ဘုရားအလောင်းတော် ဖွားတော်မူတဲ့အခါ ပုရောဟိတ်ပုဏ္ဏားတွေကို နိဖိတ်ဖတ်ကြားစေပါတယ်။ ပုရောဟိတ်တွေက အလောင်းတော်ဟာ စကြာဝတေးမင်းဘုရင်ကြီး ဖြစ်ရင်ဖြစ်လိမ့်မယ်၊ သို့မဟုတ်ရင် ဗုဒ္ဓ ဖြစ်လိမ့်မယ် လို့ နိမိတ်ဖတ်ကြားကြတယ်။ သူတို့ဟာ ဘုရားအလောင်းတော်ရဲ့ ကိုယ်ခန္ဓာမှာ မဟာယောကျာ်းမြတ်တို့ရဲ့ အမှတ်လက္ခဏာ (၃၂) ပါးကို တွေ့ကြရတယ် လို့ ဆိုတယ်။ ဒီအကြောင်းတွေကို D.ii.17 19; also M.ii.136f ကျမ်းများမှာ တွေ့နိုင်တယ်။ ဒါတင်မကသေးဘူး ဘုရားအလောင်း တော်ဟာ လက္ခဏာတော်ငယ် (၈၀) နဲ့လည်း ပြည့်စုံတော်မူတယ်။ အဲဒီ လက္ခဏာတော်ငယ်တွေထဲမှာ နီမြန်းပြေပြစ်ပြီး မြင့်မြင့်ခုံးခုံးနဲ့ အလွန်တင့်တယ်တော် မူတဲ့ ခြေသည်းလက်သည်းတော်တွေ၊ အဖုအထစ်မထင် ထက်ဝန်းကျင် လုံးဝန်းနေတဲ့ ပုဆစ်တော် စသည်တို့ပါဝင်တယ်။ ဒီ လက္ခဏာတော်ငယ်တွေ အကြောင်းကို ‘‘လလိတ၀တ္ထု’’ မှာလည်းတွေ့ကြရတယ်။ မဇ္ဈိမနိကာယ်၊ ဗြဟ္မာယုသုတ်မှာ ဂေါတမဗုဒ္ဓမြတ်စွာရဲ့ နေထိုင်သွားလာပုံတွေကို တွေ့ကြရတယ်။ ဒီလိုနေထိုင် သွားလာပုံ တွေဟာ ဘုရားရှင်အားလုံးရဲ့ အမူအကျင့်တော်တွေဖြစ်ကြောင်းထင်ရှားပါ တယ်။

မြတ်စွာဘုရားဟာ လျှောက်လှမ်းတော်တဲ့မူ တဲ့အခါ ညာဘက်ခြေတော်ကို အရင်လှမ်းတော်မူပါတယ်။ ခြေလှမ်းတော်ဟာ မကျယ်လွန်း၊ မစိပ်လွန်းဘူး။ ခြေလှမ်းတော်မူ တဲ့အခါ ကိုယ်တော်ရဲ့ အောက်ပိုင်းသာ လှုပ်တော်မူတယ်။ ပြန်လှည့်ကြည့်တော်မူတဲ့အခါ မြတ်စွာဘုရားဟာ အလုံးစုံသော ကိုယ်ဖြင့်သာ ပြန်လှည့်ကြည့်တော်မူတယ်။ (နာဂ၀ိလောကန) ။ ရွာတွင်းကို ၀င်တဲ့အခါ ကိုယ်ကို မြှောက်တော်မမူဘူး။ ညွတ် လည်း ညွတ်တော်မမူဘူး။ ကိုယ်တော်ကို တောင့်ထားတော်မမူ၊ ကိုယ်ကို ခါလည်း ခါတော်မမူဘူး။ မြတ်စွာဘုရားရှင်ဟာ ထိုင် တော်မူတဲ့အခါ ဖြစ်စေ၊ သပိတ်ဆေးရေ ခံယူတော်မူတဲ့အခါ ဖြစ်စေ၊ ဆွမ်းဘုဉ်းပေးတော်မူတဲ့အခါ ဖြစ်စေ၊ ဆွမ်းဘုဉ်းပေးပြီး လို့ လက်ဆေးတော်မူတဲ့အခါ ဖြစ်စေ၊ ဆွမ်း အနုမောဒနာ တရားဟောကြားတော်မူတဲ့အခါ ဖြစ်စေ အလွန်တည်ကြည်ငြိမ်သက်ပြီး အသေးစိတ်ကျကျ ယဉ်ကျေးသိမ်မွေ့တဲ့ ဣနြေ္ဒတော်နဲ့ ပြုမူတော်မူတယ်။ ပရိတ်သတ်တွေကို တရားဓမ္မဟောကြားတော်မူတဲ့ အခါမှာလည်း မြတ်စွာဘုရားဟာ နာကြားသူပရိတ်သတ်ကို မြှောက်ပင့်တော်မမူဘူး၊ နှိမ်လည်း နှိမ်ချတော် မမူဘူး။ နာကြားသူ တွေကို တရားစကားနဲ့ အကျိုးစီးပွားကို သိမြင်စေတယ်။ တရားအကျင့်ကို ဆောက်တည်စေတယ်။ တရားအကျင့် ကျင့်သုံးဆောက်လိုတဲ့ စိတ်ကို ထက်သန်ရွှင်လန်းစေတယ်။ ဒ့ါအပြင် မြတ်စွာဘုရားရဲ့ အသံတော်ဟာလည်း သာယာသန့်ရှင်းတော်မူတယ်။ ကြားနာသူတွေ ရှင်းလင်းစွာ သိလွယ်တယ်။ နာပျော်ဖွယ်ကောင်းတယ်။ ကွဲအက်ခြင်းမရှိဘူး။ တခဲနက် လုံးစည်းတဲ့ အသံတော်ရှိတော်မူတယ်။ နက်နဲပြီး ပဲတင်ထပ် ပြန့်နှံ့စေတော်မူတဲ့ အသံအင်္ဂါတော်နဲ့ လည်းပြည့် စုံတော်မူတယ်။

သို့သော်လည်း မြတ်စွာဘုရား ရဲ့ အသံတော်ဟာ သိစေတော်မူလိုတဲ့ ပရိသတ်အတိုင်းတာကို ကျော်လွန် ပြန့်နှံ့သွားခြင်း မရှိဘူးလို့ ဆိုပါတယ်။ မြတ်စွာဘုရားရဲ့ ဆိုခဲ့ပြီးတဲ့ အသံတော်အင်္ဂါရပ် (၈) ပါးနဲ့ ပတ်သက်ပြီး အသေးစိတ် ဖွင့် ဆိုချက်တွေကို အောက်ပါကျမ်းဂန်များမှာလည်း တွေ့နိုင်တယ်။ DA.ii.452f.; and MA.ii.771f ။ မြတ်စွာဘုရားဟာ မင်းပရိ သတ်၊ ဗြဟ္မာဏပရိသတ်၊ သူဌေးသူကြွယ်ပရိသတ်၊ ရဟန်း၊ သမဏပရိသတ်၊ စတုမဟာရာဇ် နတ်ပရိသတ်၊ တာဝတိံသာနတ် ပရိသတ်၊ မာရ်နတ်ပရိသတ်နဲ့ ဗြဟ္မာ ပရိတ် လို့ ဆိုတဲ့ ပရိသတ်ရှစ်ပါးကိုလည်း တရားဟောကြားတော်မူတယ်။အဲလို ဟောကြားတော်မူတဲ့အခါ မြတ်စွာဘုရားဟာ သက်ဆိုင်ရာ ပရိသတ်အသီးသီးရဲ့ အဆင်းပုံသဏ္ဌန်အဖြစ်ပြောင်းလဲသွားပြီး၊ သူတို့ရဲ့ သက်ဆိုင်ရာ ဘာသာစကားကိုအသုံးပြုပြီး တရားစကားဟောကြားမူတတ်တယ်လို့ အဂုင်္တ္တရနိကာယ် မှာ တွေ့ကြရ တယ်။

ဘုရားရှင်တစ်ပါးနဲ့ ပတ်သက်ပြီး ထူးခြားကြည်ညိုဖွယ်ရာတွေကို ဂေါတမဗုဒ္ဓမြတ်စွာ အကြောင်းရေးသားတဲ့အခါ တွေ့ကြရ လိမ့်မယ်။ ဘုရားအလောင်းတော်တွေဟာ ကြင်ယာတော်က သားတော်တစ်ပါးဖွားတော်မူတဲ့အခါမှသာ တောထွက်တော်မူကြ ပါတယ်။ အကြောင်းရင်းကတော့ ဘုရားအလောင်းတော်ကို လူသားထက် ထူးခြားသူ အဖြစ်ထင်မြင်ခြင်း မရှိအောင်ဖြစ်တယ် လို့ အဖွင့်ကျမ်းမှာရှင်းပြထားတယ်။ ။ တောမထွက်ခင်မှာလည်း ဘုရားအလောင်းတော်တွေဟာ သူအို၊ သူနာ၊ သူသေ၊ ရဟန်း ဆိုတဲ့ နိမိတ်ကြီးလေးပါးကိုလည်း မြင်တွေ့ကြရတယ်။ အချို့ဘုရားအလောင်းတော်တွေဟာ ဒီ နိမိတ်ကြီးလေး ပါးကို တစ်ချိန်တည်းမြင်တွေ့ကြရပေမဲ့၊ အချို့ဘုရားအလောင်းတော်တွေ၊ ဥပမာ ၀ိပဿီ ဘုရားအလောင်းတော်ဟာ ဒီ နိမိတ် ကြီးလေးပါးကို ကာလခြားပြီး မြင်တွေ့ရတယ်။ ဘုရားမဖြစ်ခင် ညမှာ အိပ်မက်ကြီး ငါးပါးကိုလည်း မြင်မက်ကြပါတယ်။

ဘုရားဖြစ်တော်မူပြီးတဲ့အခါ မဟာဗြာဟ္မာမင်းကတောင်းပန်လျှောက်ထားတဲ့အခါမှသာ တရားစတင်ဟောကြား တော်မူတယ်။ အကြောင်းရင်းကတော့ သတ္တ၀ါတွေဟာ မြတ်စွာဘုရားရှင်နဲ့ တရားတော်ကို အလေးဂရုပြုမိစေဖို့ဖြစ်တယ် လို့ အဖွင့်ကျမ်းမှာ ရှင်းပြထားတယ်။ ဘုရားရှင်တွေဟာ မဟာဗောဓိကနေ ဣသိပတန မိဂဒါဝုန်တောကို ဈာန်နဲ့ ကြွချီတော်မူပြီး တရားဦးဟောကြားတော်မူလေ့ရှိတယ် လို့ဆိုပါတယ်။ သို့ပေမဲ့ ဂေါတမ ဗုဒ္ဓမြတ်စွာကတော့ လမ်းမှာ ဥပက ကိုတွေ့ဖို့အတွက် ခြေလျင်ခရီး ကြွချီတော်မူတယ်။ (DA.ii.471) ။

ဘုရားရှင်တို့ရဲ့ တစ်နေ့တာကာလကိုလည်း အပိုင်းအခြားပြုပြီး သက်ဆိုင်ရာကာလ အပိုင်းအခြားမှာ ဆိုင်ရာ ဗုဒ္ဓကိစ္စတော်တွေကို ဆောင်ရွက်ကြောင်းလည်း ကျမ်းဂန်တွေမှာ တွေ့ကြရတယ်။ ဘုရားရှင်ဟာ နံနက်စောစော အိပ်ယာထတော်မူပြီး ကိုယ်လက် သုတ်သင် မျက်နှာသစ်တော်မူပါတယ်။ ပြီးတဲ့အခါ ဆွမ်းခံချိန်ရောက်တဲ့တိုင်အောင် ဖလသမာပတ်ဝင်စားတော်မူတယ်။ ဆွမ်း ခံချိန်ရောက်တဲ့အခါ သင်္ကန်းစံပယ်အောင် ပြင်ဆင်ဝတ်ရုံတော်မူပြီး ဆွမ်းခံကြွတော်မူတယ်။ တခါတရံ တစ်ပါးတည်းကြွတော်မူ ပြီး၊ တခါတရံ တပည့်သာဝက နောက်လိုက်ရဟန်းတော်များစွာနဲ့ ကြွတော်မူပါတယ်။

တစ်ပါးတည်း ကြွတော်မူလိုတဲ့အခါ မြတ် စွာဘုရားရှင်ဟာ ဂန္ဓကုဋိ တိုက်ခန်းတံခါးကို ပိတ်ထားတော်မူတယ်။ ဒီလိုနည်းနဲ့ ရဟန်းတော်တွေဟာ မြတ်စွာဘုရားရဲ့ အလို တော်ကို သိကြရတယ်လို့ဆိုပါတယ်။ ဝေးလံတဲ့ ဒေသတွေကို ဆွမ်းခံကြွတော်မူတဲ့အခါ မြတ်စွာဘုရားရှင်ဟာ ဈာန်တန်ခိုးတော်နဲ့ ကြွတော်မူပြီး အဲလိုအခါမျိုး မှာ အဘိဉာဉ်ရ ရဟန္တာမထေရ်မြတ်တွေသာ မြတ်စွာဘုရားနဲ့အတူတကွ ဆွမ်းခံကြွချီတော်မူကြ တယ်။ (ThagA.i.65) ။ တခါတရံ မြတ်စွာဘုရားဟာ မထင်မရှားရဟန်းတစ်ပါးအသွင်နဲ့သာ ဆွမ်းခံဝင်တော်မူလေ့ရှိပြီး (ပကတိယာ) တခါတရံ တော့ ဘုရားရှင်တို့ရဲ့ အသရေတော်၊ ဘုန်းတော်တွေထင်ရှားစွာပြုပြီး ဆွမ်းခံဝင်တော်မူတယ် လို့လည်း တွေ့ကြရတယ်။ ဆွမ်းဘုဉ်းပေးပြီးတော်မူတဲ့အခါမှာ မြတ်စွာဘုရားရှင်ဟာ ဂန္ဓကုဋိတိုက်တော်ကို ပြန်လည်ကြွချီတော်မူ တယ်။ ယခု ဆိုခဲ့ပြီးတဲ့ မြတ်စွာဘုရားရှင်တို့ရဲ့ နံနက်ပိုင်း ဆွမ်းဘုဉ်းပေးတော်မူသည် အထိ ဆောင်ရွက်တော်မူတဲ့ ကိစ္စတွေကို တော့ ‘‘ပုရေဘတ္တ ကိစ္စ’’ လို့ခေါ်တယ်။

အဲဒီနောက်မြတ်စွာဘုရားရှင်ဟာ ဂန္ဓကုဋိကျောင်းတိုက်အတွင်းက ထွက်တော်မူပြီး အလုပ်အကျွေး ရဟန်းတော်အသင့်ပြင်ထားတဲ့ နေရာမှာ ထိုင်တော်မူ လျက် ခြေဆေးတော် မူပါ တယ်။ ခြေဆေးအင်ပျဉ်မှာရပ်တည်တော် မူရင်းဘဲ မြတ်စွာဘုရားဟာ တပည့် ရဟန်းတော်တွေကို မမေ့မလျော့ပွားများအားထုတ်ကြဖို့ ဆုံးမတော်မူတယ်။ ကမ္မဋ္ဌာန်းတောင်းတဲ့ ရဟန်းတွေကို ဣနြေ္ဒအနု၊ အရင့်၊ နလုံးသွင်း၊ စရိုက် တွေနဲ့ ကိုက်ညီဆီလျော်တဲ့ ကမ္မဋ္ဌာန်းတရား ချီးမြှင့်တော်မူပါတယ်။ အဲဒီနောက် ဂန္ဓကုဋိတိုက်ခန်းအ တွင်း ပြန်လည် ကြွတော်မူပြီး အလိုရှိရင် ခတ္တခဏ လျောင်းစက်အပန်းဖြေတော် မူတယ်။

လျောင်းစက်တော်မူပြီးတဲ့ အခါ ကျွတ်ထိုက်တဲ့ သတ္တ၀ါတွေကို ဗုဒ္ဓဉာဏ်တော်စွမ်းအားနဲ့ ကြည့်ရူဆင်ခြင်တော်မူပြီး သင့်လျော်တဲ့ တရားဓမ္မများလမ်းညွှန်ဟော ကြားခြင်းဖြင့် ချေချွတ်တော်မူပါတယ်။ ညနေခင်းရောက်တဲ့အခါ မြတ်စွာဘုရားရှင် ရေသုံးသပ်တော်မူတယ်။ ညရဲ့ပထမ ပိုင်း ညဥ့်ဦးယမ်မှာတော့ တပည့်ရဟန်းတော်တွေကို တရားဓမ္မဟောကြားတော်မူတယ်။ ညရဲ့ ဒုတိယပိုင်း သန်းခေါင်းယမ်ကာလ မှာတော့ နတ်၊ ဗြာဟ္မာများစွာရဲ့ မေးမြန်းလျှောက်ထားမူတွေကို ဖြေကြားတော်မူတယ်။ ညရဲ့ တတိယပိုင်း မိုးသောက်ယမ်ကို တော့ သုံးပိုင်း ခွဲခြားတော်မူပြီး ပထမပိုင်းမှာ စင်္ကြန်ကြွတော်မူတယ်။ ဒုတိယပိုင်းမှာ ကျိန်းစက်တော်မူပြီး နောက်ဆုံးပိုင်းမှာတော့ ကျွတ်ထိုက်တဲ့ ဝေနေယျသတ္တ၀ါအပေါင်းကို ဗုဒ္ဓဉာဏ်တော် စွမ်းအား နဲ့ ကြည့်ရူဆင်ခြင်တော်မူပါတယ်။ ဒီလိုဆင်ခြင်တော်မူတဲ့ အခါ ရှေးရှေးဘုရားရှင်တို့ထံမှာ အဓိကာရ ကုသိုလ်ကောင်းပြုခဲ့ပြီး ပြည့်စုံတဲ့ ဥပနိဿယရှိတဲ့ ကျွတ်တန်းဝင်ထိုက်သူဝေနေယျ သတ္တ၀ါတွေသာ ဘုရားရှင်ရဲ့ ဉာဏ်တော်မှာ ထင်ရှားပေါ်လာတယ်လို့ ဆိုပါတယ်။

ဘုရားရှင်တို့ ဟာ ဖူးတွေ့ဖို့ရောက်ရှိလာတဲ့ မည်သူမဆို မေးလိုရာမေးမြန်းဖို့ ခွင့်ပေးတော်မူတယ်။ ဒီလို မေးမြန်းခွင့်ပေးခြင်းကို ‘‘သဗ္ဗညုပ၀ါရဏာ’’ လို့ခေါ်ပြီး မေးလာတဲ့ မေးခွန်းသမျှ ဖြေကြားဖို့ ကတိပေးစကားမျိုးကို ဘုရားရှင်ကလွဲပြီး ဘယ်သူမှ မပေး နိုင်ဘူးလို့ ဆိုပါတယ်။ (SNA.i.229) မိုးတွင်းအခါကာလကလွဲပြီး ဘုရားရှင်ဟာ တစ်နေမှ တစ်နေရာသို့ မပြတ် ဒေသစာရီ ကြွချီတော်မူပြီး တရားဓမ္မတွေကို ကျင့်သုံးလိုက်နာဖို့ သတ္တ၀ါတွေကို ရွှင်လန်းတက်ကြွစေတယ်။

တရားဓမ္မနဲ့ အညီ နေထိုင်ကြ ဖို့ တိုက်တွန်းဟောကြားတော်မူတယ်။ ဒီလိုဘုရားရှင်တို့ရဲ့ ဓမ္မခရီးကြွချီမူကို ‘‘စာရိကာ’’ လို့ခေါ်ပြီး ‘‘တုရိတ’’ နဲ့ ‘‘အတုရိတ’’ ဆိုပြီး နှစ်မျိုးရှိတယ်။ ‘‘တုရိတ စာရိကာ’’ ဆိုတာ တစ်စုံတစ်ယောက်သော ကျွတ်ထိုက်သူ သတ္တ၀ါတစ်ဦးကို ငဲ့ညှာတော်မူပြီး ရှည်လျားဝေးလံခရီးကို ကြွချီတော်မူခြင်းဖြစ်ပြီး အချိန်ကာလအားဖြင့် မကြာရှည်တတ်ဘူးလို့ ဆိုတယ်။ ဥပမာအားဖြင့် ဂေါတ မ ဗုဒ္ဓမြတ်စွာဟာ ရှင်မဟာကဿပ မထေရ်မြတ်အလောင်းလျာကို ချေချွတ်တော်မူဖို့ သုံးဂါဝုတ် ကြွတော်မူတယ်။

အာဠာဝက ဘီလူးနဲ့ အဂုင်္လိမာလကို ချွတ်တော်မူဖို့ ယူဇနာသုံးဆယ် ကြွတော်မူပြီး ပုက္ကုသာတိ မင်းကို တရားဟောကြားဖို့တော့ လေးဆယ့်ငါး ယူဇနာ ခရီးကို ကြွတော်မူပါတယ်။ ‘‘အတုရိတ စာရိကာ’’ ဓမ္မခရီးကတော့ အချိန်ကာလ အားဖြင့် ရှည်လျားပြီး ဖြည်းဖြည်းချင်းသာ ကြွချီတော်မူတယ် လို့ ဆိုပါတယ်။ မြတ်စွာဘုရားရှင်တို့ရဲ့ ‘‘စာရိကာ’’ ခရီးအကွာဝေးဟာလည်း တစ်နှစ်ပြီး တစ်နှစ် ကွာခြား ပြောင်းလဲမူတွေရှိတယ်လို့ ဆိုတယ်။ တခါတရံ ဘုရားရှင်ဟာ ယူဇနာ ကိုးရာရှိတဲ့ ခရီး အ၀န်းအ၀ိုင်းကို ကြွ တော်မူပြီး ‘‘မဟာမဏ္ဍလ စာရိကာ’’ လို့ခေါ်တယ်။ တခါတရံတော့ ယူဇနာကိုးရာရှိတဲ့ ‘‘မဇ္ဈိမ မဏ္ဍလ’’ ခရီးကြွတော်မူပြီး၊ တခါ တရံတော့ ယူဇနာခြောက်ရာ အ၀န်းအ၀ိုင်းရှိတဲ့ ‘‘အန္တော မဏ္ဍလ’’ ခရီးကိုကြွချီတော်မူတယ်။

‘‘မဟာ မဏ္ဍလ’’ ခရီး ဟာ ကာလ အားဖြင့် ကိုးလကြာမြင့်ပြီး၊ ‘‘မဇ္ဈိမ မဏ္ဍလ’’ ခရီးဟာ ရှစ်လနဲ့ ‘‘အန္တော မဏ္ဍလ’’ ခရီးကတော့ တစ်လကနေ လေးလ ထိ ကြာရှည်တယ်လို့ ဆိုတယ်။ အဲဒီ မြတ်စွာဘုရားရှင်ရဲ့ ‘‘စာရိကာ’’ နဲ့ ‘‘စာရိကာ’’ ဓမ္မခရီး အမျိုးမျိုး ကြွချီတော်မူရခြင်းရဲ့ အသေး စိတ်အကြောင်းရာတွေကို ဒီဃနိကာယ် အဖွင့်ကျမ်း DA.i.240 3 မှာတွေ့နိုင်တယ်။ မြတ်စွာဘုရားရှင်ဟာ ဓမ္မခရီးတစ်ခုနဲ့ ပတ် သက်ပြီး ကိုယ်တော်တိုင် ကြွရောက်တော်မူနိုင်ခြင်း မရှိတဲ့အခါ တပည့်သာဝက ရဟန်းတော်တွေကို စေလွှတ်တော်မူပါတယ်။ (SNA.ii.474)။ မြတ်စွာဘုရားရှင်ဟာ ဒီလို ဓမ္မခရီးတော်၊ ဒေသစာရီကြွချီတော်မမူခင်မှာ တပည့်ရဟန်းတော်တွေ ခရီးအတွက် ပြင်ဆင်ခွင့် ရရှိအောင် နှစ်ပါတ်တာ ကာလကနေ ကြိုတင်အသိပေးတော်မူတယ် လို့လည်း တွေ့ကြရတယ်။

ဗုဒ္ဓမြတ်စွာဟာ သဗ္ဗညုတဉာဏ်တော်ပိုင်ရှင်ဖြစ်တယ် လို့ ပြောတဲ့အခါ အလိုလျောက် အရာရာတိုင်းကို သိတော်မူနေတယ် လို့ မဆိုပါဘူး။ အလိုရှိတော်မူတဲ့အခါ ဘယ်အရာမဆို သိတော်မူနိုင်တယ်လို့ ဆိုလိုခြင်းဖြစ်ကြောင်း MNid.178,179; see also MNidA.223; SNA.i.18 စတဲ့ ကျမ်းဂန်များမှာ တွေ့ရတယ်။ မြတ်စွာဘုရားတို့ရဲ့ဉာဏ်တော်ဟာ အတိုင်းအတာ၊ ပမာဏ နဲ့ ဖော်ပြခြင်းငှာ မစွမ်းနိုင်တဲ့ ဂုဏ်တော်လေးပါးမှာ တစ်ပါးအပါအ၀င်ဖြစ်တယ်။ (မြတ်စွာဘုရားရှင်တို့ရဲ့ အရပ်တော်ဟာလည်း အခြား ပုဂ္ဂိုလ်တို့နဲ့ နှိုင်းယှဉ်ဖို့ တိုင်းတာမယ် ဆိုရင် ပမာဏတိုင်းတာလို့ မရနိုင်ဘူးလို့ ဆိုပါတယ်။ (MA.ii.790) ။ ပြီးတော့ မြတ်စွာဘုရားရှင်တို့ဟာ အောက်ပါနည်းလမ်း (၃) မျိုးနဲ့ သတ္တ၀ါတွေကို တရားဓမ္မဟောပြတော်မူတယ်။

၁။ ဆန်းကြယ်တဲ့ အစွမ်းတန်ခိုးတွေကို သုံးခြင်းနည်းလမ်း။ (ဣဒ္ဓိပါဋိဟာရိယ)
၂။ စိတ်အကြံကို ဖတ်ခြင်းနည်းလမ်း။ (အာဒေသနာ ပါဋိဟာရိယ)
၃။ စရိုက်၊ စိတ်နေစိတ်ထား၊ နှလုံးသွင်းနဲ့ သင့်တော်ပြီး အကျိုးစီးပွားဖြစ်ထွန်းစေမဲ့ တရားဓမ္မတို့ကို ရှင်းလင်းသင်ပြဟောကြား ညွှန်ပြခြင်းနည်းလမ်း။ (အနုသာသနီ ပါဋိဟာရိယ)

ဒီနည်းလမ်း (၃) မျိုးမှာ မြတ်စွာဘုရားရှင်တို့ အများဆုံးအသုံးပြုတဲ့နည်းလမ်းဟာ နောက်ဆုံး ‘‘အနုသာသနီ ပါဋိဟာ ရိယ’’ နည်းလမ်းဖြစ်တယ်။ (BuA.81) ဗုဒ္ဓမြတ်စွာရဲ့ ပြိုင်ဘက် ဘာသာရေးခေါင်းဆောင်တွေက ဗုဒ္ဓမြတ်စွာဟာ လှည့်ဖြားသိမ်းသွင်းတတ်တဲ့ အတတ် (အာဝတ္တနမာယာ) ကို တတ်မြောက်တယ်လို့ စွပ်စွဲကြတယ်။ ဒါဟာ မမှန်မကန်စွပ်စွဲ ခြင်းဖြစ်ပါတယ်။ တခါတရံ မှာ ဗုဒ္ဓမြတ်စွာရဲ့ အဆုံးမတော်ကို တပည့်သာဝက ရဟန်းတော်တွေကတောင် မခံယူကြကြောင်း တွေ့ကြရတယ်။
(ဥပမာ- ကောသမ္ဗီရဟန်းတော်တွေ)၊ သို့သော်လည်း အချို့ သတ္တ၀ါတွေမှာတော့ ဗုဒ္ဓမြတ်စွာတစ်ဦးတည်းက သာ သွန်ဟောပြ ချေချွတ်တော်မူနိုင်တယ်။ အဲလို ပုဂ္ဂိုလ်တွေကို “ဗုဒ္ဓဝေနေယျ’’ လို့ခေါ်တယ်။ (SNA.i.331) အချို့ပုဂ္ဂိုလ်တွေ ဟာ ဗုဒ္ဓမြတ်စွာကို ရုပ်ရည် ရူပကာယတော်ကြောင့် ကြည်ညိုဆည်းကပ်ကြတယ်။ အချို့ကတော့ အသံတော်ကြောင့် ကြည် ညို ဆည်းကပ်ကြပြီး၊ အချို့ကတော့ ရိုးရှင်းတော်မူတဲ့ ရသမျှသင်္ကန်းတော်ကိုသာ ရောင့်ရဲဝတ်ရုံတော်မူခြင်း အစရှိတဲ့ ခြိုးခြံတဲ့ အကျင့်တော်ကြောင့် ကြည်ညိုဆည်းကပ်ကြတယ်။ အချို့ပုဂ္ဂိုလ်တွေကတော့ သီလ၊ သမာဓိ၊ ပညာ စတဲ့ တရားဂုဏ်တော် တွေကြောင့် အတုမရှိပုဂ္ဂိုလ်မြတ်လို့ သိမြင်ကြတဲ့အတွက် မြတ်စွာဘုရားကို ကြည်ညိုဆည်းကပ်ကြတယ် လို့ဆိုပါတယ်။ (DhA.iii.113f.)

မြတ်စွာဘုရားရဲ့ ဟောကြားသွန်သင်မူတွေဟာ ကြားနာသူအတွက် ဆုံးရှုံးသွားရမူမဖြစ်စေနိုင်ပေမဲ့ တခါတရံမှာ ဗုဒ္ဓမြတ်စွာဟာ မျက်မှောက် ထင်ရှားတဲ့ အကျိုးသက်ရောက်မူ မရှိနိုင်ဘူးလို့ သိမြင်တော်မူပေမဲ့ တရားဟောကြားတော်မူတတ်ပါတယ်။ (ဥပမာ ဥဒုမ္ဗရိက သီဟနာဒသုတ်၊ ဒီဃနိကာယ်)။ မြတ်စွာဘုရားသက်တော်ထင်ရှားရှိတော်မူတဲ့ အချိန်က မြတ်စွာဘုရား သီတင်းသုံး တော်မူရာ အနီးဝန်းကျင် အရပ်ဒေသမှာ နေထိုင်တော်မူကြတဲ့ ရဟန်းတော်တွေဟာ သူတို့ရဲ့ ကျောင်းသင်္ကန်းတွေမှာ မြတ်စွာ ဘုရားရှင်အတွက် အထူးနေရာတစ်ခု အမြဲမပြတ် ပြင်ဆင်ထားလေ့ရှိကြတယ်။

အကြောင်းရင်းကတော့ ဗုဒ္ဓမြတ်စွာဟာ မကြာ ခဏဆိုသလို ရဟန်းတော်တွေထံ ကြွရောက်တော်မူတတ်လို့ဖြစ်တယ်။ (DA.i.48)။ တခါတရံမှာ မြတ်စွာဘုရားဟာ ကမ္မဋ္ဌာန်း တရားအားထုတ်လို့ အခက်ခဲတွေ့နေတဲ့ တပည့်ရဟန်းတစ်ပါးပါးကို အားပေးကူညီပြီး လမ်းညွှန်ပေးတော်မူဖို့အတွက် ဂန္ဓကုဋိ တိုက်မှာ သီတင်းသုံးတော်မူရင်းနဲ့ ရောင်ခြည်တော် လွှတ်တော်မူပါတယ်။ အဲဒီနောက် လွှတ်တော်မူလိုက်တဲ့ ရောင်ခြည်တော် နဲ့ အတူ ရဟန်းတော်ရဲ့ ရှေ့မှောက်သို့ ကြွရောက်တော်မူလာပြီး လမ်းညွှန်ဆုံးမ သြ၀ါဒပေးတော်မူတယ်။ ဒီလိုနည်းနဲ့ မြတ်စွာ ဘုရားရှင်ဟောကြားတော်မူခဲ့တဲ့ ဂါထာ တရားတော်တွေကို ‘‘သြဘာသဂါထာ’’ တော်လို့ခေါ်ပါတယ်။ (SNA.i.16, 265)

မြတ်စွာဘုရားရှင်တိုင်းမှာ တပည့်ရဟန်းသံဃာတော်တွေရှိတော်မူပြီး မြတ်စွာဘုရားရှင်တိုင်းရဲ့ ပထမ ပါတိမောက္ခုဒ္ဒေသဂါထာ တော် ဟာ တူညီကြတယ်။ (DA.ii.479)။ မြတ်စွာဘုရားရှင်တို့ရဲ့ တရားတော်ဟောကြားတော်မူခြင်း ရည်ရွယ်ချက်ဟာလည်း အရဟတ္တမဂ်၊ အရဟတ္တဖိုလ်လို့ ခေါ်တဲ့ နောက်ဆုံး မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ရရှိဖို့ဖြစ်တယ်။ (DA.iii.732)

မတ်စွာဘုရားရှင်တို့ဟာ ဘုရားရှင်တို့ရဲ့ ဉာဏ်တော်အားဆယ်ပါးနဲ့လည်း ပြည့်စုံတော်မူကြပါတယ်။ ဘုရားရှင်တို့ရဲ့ ကိုယ်ကာ ယာအားတော်ကတော့ ပကတိဆင်ပေါင်း ကုဋေတစ်ထောင် သို့မဟုတ် ဆဒ္ဒန်ဆင်ဆယ်စီးရဲ့အားနဲ့ ညီမျှတော်မူတယ်။ ဘုရား ရှင်တို့သည်သာ နတ်တို့ရဲ့ အစားအစာကို ကောင်းစွာ ကြေညက်အောင် အစာချေဖျက်တော်မူနိုင်ကြတယ်။ ဒါ့အပြင် မြတ်စွာ ဘုရားရှင်တို့ဟာ ဝေသာရဇ္ဇဉာဏ်တော် (၄) ပါး၊ အာဝေဏိက ဂုဏ်တော် (၁၈) ပါး၊ အနုတ္တိယဂုဏ်တော် (၁၆) ပါးတို့နှင့်လည်း ပြည့်စုံတော်မူတယ်။(DA.iii.994) (D.iii.102ff.)

ပုဗ္ဗေနိဝါသာနုဿတိဉာဏ်လို့ခေါ်တဲ့ ရှေးဘ၀များစွာကို အောက်မေ့ဆင်ခြင်နိုင်တဲ့ ဉာဏ်တော် အရာမှာလည်း ဗုဒ္ဓဘုရားရှင် တို့ဟာ အခြားပုဂ္ဂိုလ်တို့ထက် အထူးသာလွန်တော်မူတယ်။ ဒီလို ဉာဏ်အမြင်မျိုးကို ရရှိနိုင်တဲ့ ပုဂ္ဂိုလ်တွေဟာ တိတ္ထိယာ၊ ပကတိ သာဝက၊ မဟာသာဝက၊ အဂ္ဂသာဝက၊ ပစ္စေကဗုဒ္ဓါများနဲ့ ဗုဒ္ဓဘုရားရှင်တို့ဖြစ်တယ်။ ဒီနေရာမှာ တိတ္ထိတွေရဲ့ ဉာဏ်အမြင်ဟာ ပိုးစုန်ကြူးမီးရောင်နဲ့တူတယ်။ ပကတိသာဝကတွေရဲ့ ဉာဏ်အမြင်ကတော့ ဆီမီးရောင်နဲ့တူပြီး၊ မဟာသာဝကတို့ရဲ့ ဉာဏ်အမြင်ဟာ မီးရှူးတန်ဆောင် အလင်းရောင်နဲ့တူတယ် လို့ဆိုပါတယ်။ ပစ္စေကဗုဒ္ဓါတို့ရဲ့ ဉာဏ်အမြင်ကတော့ လရောင်နဲ့ သာတူပြီး ဘုရားရှင်တို့ရဲ့ ဉာဏ်အမြင်တော်ဟာ နေရောင်တမျှထွန်းလင်းတောက်ပတော်မူတယ် လို့ ဆိုပါတယ်။ ဒီ အကြောင်းတွေကို ၀ိသုဒ္ဓိမဂ္ဂအဋ္ဌကထာမှာ အသေးစိတ်တွေ့ရတယ်။

ဘုရားရှင်တိုင်းဟာ ရဟန်းများစွာ၊ နတ်၊ ဗြာဟ္မာများစွာ တညီတညွတ်တည်း ညီမူစုဝေးကြတဲ့ မဟာသမယအစည်းဝေးကြီးကို ဖြစ်ပေါ်စေပါတယ်။ အဲဒီ အစည်းအဝေးပွဲကြီးမှာ ညီမူရောက်ရှိလာတဲ့ နတ်၊ ဗြာဟ္မာတွေရဲ့ စရိုက်နဲ့ ကိုက်ညီအောင် တရားအစဉ် ကို ဘုရားရှင်တို့သာ သိရှိဟောကြားတော်မူနိုင်ကြတယ်။ (D.ii.255; DA.ii.682f)

ဘုရားရှင်တို့ဟာ ရောဂါဝေဒနာတွေကနေ လုံးဝကင်းလွတ်ခြင်းမရှိဘူး။ ပြီးတော့ အာယုကပ်လို့ခေါ်တဲ့ ပွင့်ထွန်းတော်မူ ရာသက်တမ်းရဲ့ အပြည့်အ၀နှစ်ကာလထိအောင် သက်တော်ပြည့်နေနိုင်တော်မူကြပေမဲ့ ဒီလို အပြည့်အ၀နေတော်မူ တဲ့ ဘုရားရှင် မရှိဘူးလို့ ဆိုပါတယ်။ အကြောင်းရင်းကတော့ ဥတုရာသီနဲ့ သုံးဆောင်ဘုဉ်းပေးတော်မူတဲ့ အာဟာရဟာ သက် တမ်းကို ယုတ်လျော့စေလို့ ဖြစ်ကြောင်း ရှင်းပြထားတယ်။ (DA.ii.413)

သို့သော်လည်း ဘယ်ဘုရားရှင်မှ သာသနာတော် အခိုင်မာတည်တံ့မူ မရှိသေးသမျှ ကာလပတ်လုံး ပရိနိဗ္ဗာန်စံဝင်တော်မမူဘူး လို့ဆိုတယ်။ မြတ်စွာဘုရားရှင်တို့ရဲ့ ပရိနိဗ္ဗာန် စံဝင်တော်မူခြင်းနဲ့ ပတ်သက်ပြီး သုံးမျိုးတွေ့ရတယ်။ ‘‘ကိလေသ ပရိနိဗ္ဗာန၊ ခန္ဓပရိနိဗ္ဗာန နဲ့ ဓာတုပရိနိဗ္ဗာန တို့ဖြစ်တယ်။ ကိလေသ ပရိနိဗ္ဗာနဟာ ဗောဓိပင်ခြေရင်းမှာ ဖြစ်ပေါ်ခဲ့တယ်။ ခန္ဓပရိနိဗ္ဗာနကတော့ မြတ်စွာဘုရားရှင်တို့ ပရိနိဗ္ဗာန်ဝင်စံတော်မူတဲ့အခါမှာ ဖြစ်ပေါ်ပါတယ်။ ဓာတုပရိနိဗ္ဗာနကတော့ အချိန်အတိုင်းတာတစ်ခုထိ ရှည်ကြာပြီးတဲ့နောက်ဖြစ်ပေါ်ပါတယ်။ ဒီ အကြောင်းတွေကို ဂေါတမမြတ်စွာဘုရားရှင် အကြောင်းရေးသားတဲ့အခါ အကျယ်တ၀င့် သိရှိကြရလိမ့်မယ်။ အချို့ဘုရားရှင်တွေဟာ အထူးသဖြင့်သက်တော်ရှည်တော်မူကြတယ်။

ဒီလို သက်တော်ရှည်တော်မူတဲ့ ဘုရားရှင်တွေမှာ သမ္မုခသာဝက လို့ခေါ်တဲ့ မြတ်စွာဘုရားရှင်ထံမှောက်မှာ အကျွတ်တရားရတော်မူတဲ့ တပည့်သာဝကရဟန်းတော်တွေသာရှိကြပြီး ပရိနိဗ္ဗာန်ဝင်စံတော်မူတဲ့ အခါ ကြွင်းကျန်ရစ်တဲ့ ဓါတ်တော်တွေဟာလည်း မပြိုမကွဲဘဲ တစ်သားတည်း ကျန်ရစ်တော်မူတယ် ဆိုတယ်။

0 comments:

Post a Comment

ဤBlogကသင့်အတွက်အကျိုးရှိစေပါသလား
ရှိပါတယ်
မရှိပါ